ဂါဇာစီးတီး ဖေဖော်ဝါရီ ၂

 

ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သူများကို အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့သို့ ပြောင်းရွှေ့ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်ကို ဂါဇာဒေသရှိ ပါလက်စတိုင်းသား ဒါဇင်ပေါင်းများစွာက ယမန်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဆန္ဒထုတ်ဖော်သူများသည် အဆိုပါအစီအစဉ်ကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည့် အီဂျစ်နိုင်ငံကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆန္ဒပြသူများသည် ဂါဇာမြို့တော် အလယ်ပိုင်းရှိ အယ်လ်-ဆာရာယာရင်ပြင်နှင့် ကမ်းမြောင်အလယ်ပိုင်းရှိ ဒီယာအယ်လ်ဘာလာရှ်မြို့ တို့၌ ပါလက်စတိုင်း နှင့် အီဂျစ်အလံများကို ဝှေ့ယမ်းကာ စုဝေးခဲ့ကြသည်။

 

“အီဂျစ်သည် ပါလက်စတိုင်းအရေးကို ထောက်ခံသည့် စစ်မှန်သော ထောက်ခံသူအဖြစ် အမြဲရပ်တည် မည်ဖြစ်ပြီး ၎င်း၏ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်မှုကို မည်သည့်အခါမှ လက်ခံမည် မဟုတ်ပါ”ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ၎င်းတို့သည် ပါလက်စတိုင်းတို့ ၏အခွင့်အရေးများ ပျက်ပြားစေရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ပြီး စည်းလုံးညီညွတ်စွာ ရပ်တည်ကြရန် ပါလက်စတိုင်းတို့အား ၎င်းတို့၏ မြေယာပေါ်တွင် ခိုင်မြဲစွာရပ်တည်ကာ ၎င်းတို့၏ ပြန်လာခွင့်နှင့် လွတ်လပ်ရေးတို့ကို ကတိကဝတ်ပြုရန် တောင်းဆိုခဲ့သည်။

 

အလားတူ ဟားမတ်စ်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများကို ပြည်ပသို့ ပြောင်းရွှေ့နေရာ ချထားရေးဆိုင်ရာ အမေရိကန်၏ အဆိုပြုချက်ကို “အဓိပ္ပာယ်မဲ့ပြီး တန်ဖိုးမရှိ”ဟု ငြင်းဆို ပြောကြားခဲ့သည်။ နေရာရွှေ့ပြောင်းရေးအစီအစဉ်များအပေါ် အမေရိကန်အစိုးရ၏ အခိုင်အမာ ပြောဆိုမှုသည် ဒေသတွင်း မငြိမ်မသက်မှုများနှင့် တင်းမာမှုများကို ပိုမိုပြင်းထန်စေကြောင်း ဟားမတ်စ်တာဝန်ရှိသူ ဆာမိ အဘူဇူရီက သတိပေးခဲ့သည်။

 

ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းများ ဆက်လက်တည်ရှိနေစေရန်အတွက် ပြီးပြည့်စုံသော ပြန်လည်ထူထောင်ရေးအစီအစဉ်ကို အမြန်အကောင်အထည်ဖော်ရန် အာရပ်အဖွဲ့ချုပ်နှင့်အတူ အာရပ်နိုင်ငံများမှ ကိုယ်စားလှယ်များက ဖေဖော်ဝါရီ ၁ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ အီဂျစ်၊ ဂျော်ဒန်၊ ယူအေအီး၊ ဆော်ဒီအာရေးဗီးယား နှင့် ကာတာ နိုင်ငံခြားရေးဝန်ကြီးများ၊ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့၏ အမှုဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဟူစိန် အယ်လ်ရှိတ်နှင့် အာရပ်အဖွဲ့ချုပ်အကြီးအကဲ အာမက်အာဘော့ ဂီရေ့တို့ တက်ရောက်ခဲ့ကြသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်