ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း သေဆုံးသူ ၃၁၆၄၅ ဦး ရှိလာ

 

ဂါဇာ၊ မတ် ၁၈

ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း သေဆုံးသူဦးရေ ၃၁၆၄၅ ဦးရှိလာပြီး  အခြားဒဏ်ရာရရှိသူ ၇၃၆၇၆ ဦးရှိကြောင်း ဟားမတ်စ်အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပါလက်စတိုင်း ၉၂ ဦး သေဆုံးပြီး ၁၃၀ ဒဏ်ရာရရှိကာ စုစုပေါင်းသေဆုံး သူ ၃၁၆၄၅ ဦးနှင့် ဒဏ်ရာရရှိသူ ၇၃၆၇၆ ဦးရှိခဲ့ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများနှင့် အရပ်ဘက် ကာကွယ်ရေးနှင့် လူနာတင်ယာဉ် ဝန်ထမ်းများ ဝင်ရောက်ရန် အခက်အခဲများရှိနေခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူအချို့မှာ အပျက်အစီးများ အောက်တွင် ရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုပြီးနောက် အစ္စရေး တပ်ဖွဲ့ဝင်များသည် ဂါဇာကမ်းမြောင်ဒေသ၌ ဟားမတ်စ်အဖွဲ့အား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် လျက်ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်