ဂျေရုဆလင်၊ နိုဝင်ဘာ ၃၀
ဂါဇာ ကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့၏ ထိန်းသိမ်းခြင်းခံခဲ့ရသည့် ထိုင်းနိုင်ငံသား ၁၇ ဦး ပြန်လည် လွတ်မြောက်ကာ နေရပ်ဖြစ်သည့် ထိုင်းနိုင်ငံသို့ ပြန်သွားခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
ယခု ပြန်လည်လွတ်မြောက်လာသည့် ထိုင်းနိုင်ငံသားများသည် ပထမအုပ်စုဖြစ်ပြီး အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ ဟားမတ်စ်အဖွဲ့ဝင်ရောက် တိုက်ခိုက်စဉ်က ဓားစာခံများအဖြစ် ဖမ်းဆီးသွားခြင်း ခံခဲ့ရသူများဖြစ်သည်။ ၎င်းတို့သည် အစ္စရေးနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အခြားကဏ္ဍများတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်သည်။ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့အကြား ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယာယီအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သည်။
၎င်းထိုင်းနိုင်ငံသားများ လေဆိပ်သို့
ဆိုက်ရောက်ချိန်တွင် လာရောက်ကြိုဆိုသူများနှင့်အတူ ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပဋိပက္ခအတွင်း သေဆုံးခဲ့ရသည့် ထိုင်းနိုင်ငံသားများအတွက် ခေတ္တငြိမ်သက်ကာ ဆုတောင်းခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ်သာဗီဆင်က ၎င်းတို့အား ဗီဒီယိုကွန်ဖရင့်မှနေ၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီသည် ၎င်းဓားစာခံများလွတ်မြောက်ရေးအတွက် နိုဝင်ဘာလ အစောပိုင်းတွင် ကာတာနှင့် အီဂျစ်နိုင်ငံများသို့ သွားရောက်၍ ညှိနှိုင်းခဲ့ရာ ၎င်းနိုင်ငံများ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ယခုကဲ့သို့ ဓားစာခံများ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ဂါဇာဒေသတွင် ထိန်းသိမ်းခံနေရဆဲဖြစ်သည့် ကျန်ထိုင်းနိုင်ငံသားကိုးဦး လွတ်မြောက်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းတာ ဝန်ရှိသူများက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ