ဂါဇာစီးတီး နိုဝင်ဘာ ၁၀
ဂါဇာကမ်းမြောင်မြောက်ပိုင်း၌ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့၏ အပြန်အလှန်တိုက်ခိုက်မှုကြောင့် ဆိုးရွာသည့် အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများက သတိပေးပြောကြားကြောင်း သိရသည်။
ထို့ပြင် ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်လာသော စားရေရိက္ခာများ လျော့နည်းလာကြောင်း ကုလသမဂ္ဂနှင့် အခြားသောကျွမ်းကျင်သူများက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါဒေသ၌ ကုန်ဈေးနှုန်းများသည် လွန်ခဲ့သည့်နှစ်ကထက် သုံးဆကျော်တက်သွားသောကြောင့် အစားအသောက် ဝင်ရောက်မှုမှာ ပိုမိုနည်းပါးလျက်ရှိသည်။
ဒေသအတွင်း ကပ်ဆိုးဘေးမှ ရှောင်ရှားနိုင်ရန် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ချက်ချင်းရရှိရန်လိုအပ်ကြောင်း ယင်းအစီရင်ခံစာတွင်ဖော်ပြသည်။ အစ္စရေးတပ်ဖွဲ့များသည် ဂါဇာမြောက်ပိုင်းကို အဓိကပစ်မှတ်ထား ပြီး နိုဝင်ဘာ ၁၀ ရက်တွင် ဆက်လက်ထိုးစစ်ဆင်ခဲ့သည်။ ဂျာဘာလီယာကို အစ္စရေးက တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၃ ဦး အပါအဝင် အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်း၌ပင် အစ္စရေးတပ်မတော်နှင့် ဟားမတ်စ်အဖွဲ့တို့ကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ရက်ပေါင်း ၄၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အစ္စရေးနိုင်ငံ၏ အကြီးဆုံးစီးပွားရေးမြို့တော် တဲလ်အဗစ် ၌ နိုဝင်ဘာ ၉ ရက်တွင် ပြည်သူများက စုဝေးမှုတစ်ခု ပြုလုပ်ခဲ့သည်။
ဟားမတ်စ်၏ ဖမ်းဆီးခံထားရသော မိသားစုဝင်များအပါအဝင် ဆန္ဒပြသူများသည် အစ္စရေးအစိုးရအား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေး သဘောတူညီချက်ရရှိရန် တောင်းဆိုခဲ့ကြသည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊
ဘာသာပြန် - အောင်ကျော်ကျော်