ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၇
ဂါဇာကမ်းမြောင် အရှေ့မြောက်ပိုင်း၌ အစ္စရေးတပ်ဖွဲ့များက အလံဖြူဝှေ့ယမ်းလျက်ရှိသည့် ဓားစာခံသုံးဦးကို မှားယွင်း ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက ယနေ့ ပြောကြားသည်။ အဆိုပါ ပစ်ခတ်မှုသည် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟာဇီဟာလီဗီက ယမန်နေ့တွင် ရုပ်သံလိုင်းတစ်ခု၌ ဝန်ခံပြောကြားခဲ့သည်။
ဓားစာခံများသည် ဗုံးများသယ်ဆောင်လာသည်ဟု သံသယမရှိစေရန် အင်္ကျီများ ဝတ်ဆင်ထားခြင်းမရှိကြောင်း ဟာဇီဟာ လီဗီက ပြောကြားခဲ့သည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ တိုက်ပွဲဝင်မဟုတ်ကြောင်း ပြသရန်အတွက် အဖြူရောင် ပိတ်စတစ်ခုကို ဝှေ့ယမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ဂါဇာကမ်းမြောင်၌ ဓားစာခံ ၁၃၀ ကျော်ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ အစ္စရေးအစိုးရက စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နေချိန်တွင် ဓားစာခံများ၏ မိသားစုများက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြသည်။ လွတ်မြောက် ရေးအတွက် ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် အချို့က တောင်းဆိုလျက်ရှိသည်။
ဟားမတ်စ်သည် စေ့စပ်ညှိနှိုင်းရေး ဆောင်ရွက်ရန် အစ္စရေးတပ်ဖွဲ့အား ဖိအားပေးရန် ဆိုရှယ်မီဒီယာတွင် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဓားစာခံများ သေဆုံးနေကြောင်း ပြောကြားသည်။
အစ္စရေး မော့ဆက်ထောက်လှမ်းရေး အေဂျင်စီအကြီးအကဲသည် ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အယ်လ်သာနီအား နော်ဝေနိုင်ငံ၌ တွေ့ဆုံခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ဝေါစထရိသတင်းစာတွင် ဒီဇင်ဘာ ၁၆ ရက်က သတင်းဖော်ပြခဲ့သည်။
ကာတာဝန်ကြီးချုပ်သည် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးဆိုင်ရာ ယခင်အစ္စရေး- ဟားမတ်စ် ဆွေးနွေးပွဲများတွင် စေ့စပ်ညှိနှိုင်းသူအဖြစ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်