ဂျေရုဆလင် ဇန်နဝါရီ ၂၂
ဂါဇာကမ်းမြောင်၌ ဖြစ်ပွားလျက်ရှိသည့် အဓိကရုဏ်းများတွင် ကလေးငယ်များနှင့် အမျိုးသမီးများသည် အဓိကဘေးဒုက္ခ ခံစားရသူများဖြစ်ပြီး တစ်နာရီလျှင် မိခင်နှစ်ဦး သေဆုံး နေရကြောင်း ကုလသမဂ္ဂအဖွဲ့၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။ အစ္စရေးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၀ ရက်က ဂါဇာကမ်း မြောင်ဒေသအပါအဝင် ခန်ယွန်နစ် မြို့၌ ဝေဟင်နှင့် မြေပြင် ထိုးစစ် ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။
ဂါဇာကမ်းမြောင်ဒေသတွင် လွန်ခဲ့သည့် အောက်တိုဘာ ၇ ရက်မှစပြီး လက်ရှိအချိန်အထိ သေဆုံးသူများအနက် ၇၀ ရာခိုင်နှုန်းခန့်သည် ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂအမျိုးသမီး အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် အမေရိကန်နိုင်ငံ၏ အစီအစဉ်ကို အပြင်းအထန် ငြင်းဆိုခဲ့ကြောင်း စီအင်န်အင်န် သတင်းဌာနက ဖော်ပြခဲ့သည်။
အစ္စရေးအစိုးရက ၎င်း၏ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ထားသော်လည်း ဂါဇာဒေသ၌ ဖမ်းဆီးခံထားရသော ဓားစာခံများ၏ ဆွေမျိုးများက ဇန်နဝါရီ ၁၉ ရက်တွင် အစ္စရေးနိုင်ငံတစ်ဝန်း၌ ဆန္ဒပြခဲ့ ကြပြီး အစ္စရေး၏ စစ်ဘက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် အချို့ကလည်း စစ်ဆင်ရေး၏ ထိရောက်မှုအပေါ် မေးခွန်းထုတ်နေကြကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်