ဂါဇာ၊ ဇန်နဝါရီ ၈

 

အစ္စရေးတပ်ဖွဲ့က ဂါဇာတောင်းပိုင်းနေရာအချို့ အပါအဝင် နေရာအများအပြားကို အဆက်မပြတ်တိုက်ခိုက် နေသည့်အတွက်  ဂါဇာကမ်းမြောင်၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ ပိုမိုဆိုးရွားလျက်ရှိကြောင်း သိရသည်။

 

အောက်တိုဘာ ၇ ရက်တွင် ဟားမားစ်က အစ္စရေးကို အလစ်အငိုက်တိုက်ခိုက်မှု စတင်ပြီးနောက် ဇန်နဝါရီ ၇ ရက်သည် သုံးလပြည့်မြောက်သည့်နေ့ဖြစ်သည်။ အစ္စရေးတပ်ဖွဲ့က ၎င်းတို့၏ စစ်ဆင်ရေးအတွင်း ဟားမားစ် တိုက်ခိုက်ရေးသမားများကို ဖယ်ရှားခဲ့ကြောင်းနှင့် ဂါဇာတောင်ပိုင်းရှိ ခန်းယူနစ်မြို့တွင် လက်နက်ဂိုဒေါင်ရုံကို ဖျက်ဆီးခဲ့ကြောင်း ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ဟားမားစ်ကလည်း ခန်းယူနစ်ဆင်ခြေဖုံးတွင် ဖောက်ခွဲရေးပစ္စည်းများဖြင့် အစ္စရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဂါဇာကျန်းမာရေးအာဏာပိုင်များက လွန်ခဲ့သော ၂၄ နာရီ အတွင်း အစ္စရေးတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၁၂၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၆ ရက်တွင် ပြောသည်။

 

ထို့ကြောင့် သေဆုံးသူအရေအတွက်မှာလည်း ၂၂၇၂၂ ဦးအထိ မြင့်တက်လာကြောင်း ပြောသည်။ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့အေဂျင်စီသည် အောက်တိုဘာ ၇ ရက် နောက်ပိုင်း အစ္စရေးတိုက်ခိုက်မှုကြောင့် လူပေါင်း ၁ ဒသမ ၉ သန်းအထိ သို့မဟုတ် ဂါဇာကမ်းမြောင်ဒေသ လူဦးရေ၏ ၈၅ ရာခိုင်နှုန်းကျော်မှာ နေရပ်စွန့်ခွာခဲ့ရကြောင်း ပြောသည်။

 

လက်ဘနွန်အခြေစိုက် စစ်သွေးကြွဟစ်ဘိုလာ အဖွဲ့က ဇန်နဝါရီ ၆ ရက်တွင် အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်အစင်း ၆၀ ကျော် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် အစ္စရေးဘက်ကလည်း လက်ဘနွန် တောင်ပိုင်းသို့ တုံ့ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ