ဂျေရုဆလင်၊ ဧပြီ ၅
ဂါဇာကမ်းမြောင်နှင့်စပ်လျဉ်း၍ အမေရိကန်မူဝါဒသည် အရပ်သားများနှင့် အကူအညီပေးရေး လုပ်သားများကို အကာအကွယ်ပေးမှုအပေါ် မူတည်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား သတိပေးပြောကြားသည်။
ဂျိုးဘိုင်ဒင်နှင့် နေတန်ယာဟုတို့သည် ဧပြီ ၅ ရက်က တယ်လီဖုန်းမှတစ်ဆင့် ဂါဇာအရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်၌ အရပ်သားထိခိုက်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် အကူအညီပေးရေး လုပ်သားများ၏ ဘေးကင်းရေးတို့ကို ကိုင်တွယ်ဖြေရှင်းရန် အစ္စရေးအနေဖြင့် ခိုင်မာသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ဂျိုးဘိုင်ဒင်က ပြောကြားသည်။
ယခုသီတင်းပတ်အစောပိုင်းတွင် ဂါဇာရှိ အမေရိကန်အခြေစိုက် World Central Kitchen အစီအစဉ်၏ အကူအညီပေးရေးအဖွဲ့မှ အဖွဲ့ဝင်ခုနစ်ဦး သေဆုံးခဲ့သည့် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုအပြီးတွင် အဆိုပါ ခေါင်းဆောင်နှစ်ဦး၏ ဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားများအပေါ် လျစ်လျူရှုခြင်းနှင့် လူသားချင်း စာနာထောက်ထားမှု အခြေအနေအလုံးစုံကို လက်ခံနိုင်ဖွယ်မရှိကြောင်း ဘိုင်ဒင်က နေတန်ယာဟုအား ပြောကြားသည်။
လူသားချင်းစာနာထောက်ထားမှုအခြေအနေ တည်ငြိမ်ရန်နှင့် အပြစ်မဲ့အရပ်သားများအား ကာကွယ်ရန်အတွက် ချက်ခြင်းအပစ်အခတ်ရပ်စဲရေးသည် မရှိ မဖြစ်လိုအပ်ကြောင်း ဂျိုးဘိုင်ဒင်က အလေးပေး ပြောကြားသည်။
ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် အစ္စရေးနှင့် အစ္စရေးပြည်သူများအပေါ် အီရန်၏ခြိမ်းခြောက်မှုများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ သိသိသာသာ တိုးမြင့် လာစေရန်နှင့် လာမည့်ရက် အနည်းငယ်အတွင်း အရပ်သားများနှင့် အကူအညီပေးရေးလုပ်သားများ အပေါ် အကြမ်းဖက်မှုများ လျော့ပါးသွားစေရန် အမေရိကန်က မျှော်လင့်ထားကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်