ဂျေရုဆလင် အောက်တိုဘာ ၁၅
ဂါဇာကမ်းမြောင်သို့ ဝေဟင်၊ ရေကြောင်းနှင့် မြေပြင်တို့မှ ပေါင်းစပ်စစ်ဆင်ရေးဆင်နွှဲမှုများ လုပ်ဆောင်ရန် အစ္စရေးတပ်မတော် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။
ဟားမတ်စ်စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်းရန် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်းကို အစ္စရေးတပ်မတော်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားကြောင်း သိရသည်။
မြေပြင်စစ်ဆင်ရေးဆင်နွှဲမှုများကို အဆင့်မြင့်ဆောင်ရွက်မည်ဖြစ်ပြီး ဝေဟင်နှင့် ရေကြောင်းတို့မှလည်း တိုက်ခိုက်ရေးအတွက် အဆင်သင့်အနေ အထားတွင်ရှိနေကြောင်း ဖော်ပြထားသည်။ ဂါဇာကမ်းမြောင် ဒေသ၌ အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှုများ အဆင့်မြင့်ဆောင်ရွက်ပါက ဒေသခံအများအပြား သေဆုံး နိုင်ဖွယ်ရှိသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် နှစ်ဖက်စလုံး တွင် လူပေါင်း ၃၅၀၀ ကျော် သေဆုံးခဲ့သည်။ အစ္စရေး နိုင်ငံဘက်ခြမ်းတွင် အနည်းဆုံး ၁၃၀၀ သေဆုံးပြီး ဂါဇာကမ်းမြောင်ဒေသတွင် ၂၂၁၅ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
အောက်တိုဘာ ၁၄ ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဂါဇာကမ်းမြောင်နယ်စပ် တစ်လျှောက် တပ်စွဲထားသော တပ်မတော်သားများအား ချီးကျူးစကားပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများသည် အောက်တိုဘာ ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ အထိ ဂါဇာကမ်းမြောင်တောင်ပိုင်းသို့ ဘေးကင်း စွာ ထွက်ပြေးနိုင်ကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။
သို့သော် အစ္စရေးတပ်မတော်က နေ့ရောညပါ ဗုံးခွဲတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်လျက် ရှိကြောင်း ဂါဇာတောင်ပိုင်းရှိ ခန်ယုနစ်မြို့တွင် နေထိုင်သော ရှေ့နေ ရာဂျီဆော်ရာနီက အင်န်အိတ်ချ် ကေ သတင်းဌာနသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။ ပြည်သူအများအပြားသည် ဂါဇာ တောင်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဂါဇာကမ်းမြောင်ဒေသရှိ ရာဖာမြို့သို့ ရွှေ့ပြောင်း နေထိုင်လျက်ရှိသည်။ ဂါဇာဒေသတွင် လုံခြုံသည့်နေရာမရှိသော်လည်း ယင်းဒေသ၌ပင် ဆက်လက် နေထိုင်ရန် ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသအား ထိန်းချုပ်ထားသည့် ဟားမတ်စ်က အစ္စရေးလေကြောင်းတိုက်ခိုက် မှုကြောင့် နိုင်ငံခြားသား လေးဦးအပါအဝင် ဓားစာခံ ကိုးဦးသေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်