ဒီဇင်ဘာ ၅
ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်ယွန်နစ်အနောက်ဘက် အရပ်သားများခိုလှုံရာနေရာကို အစ္စရေးတပ်ဖွဲ့က ယမန်နေ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် ပါလက်စတိုင်း ၂၀ ထက်မနည်းသေဆုံးကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်က ဖော်ပြထားသည်။
အစ္စရေးစစ်ဘက်ဆိုင်ရာလေယာဉ်များက မာဝါစီဒေသရှိ အရပ်သားများရှိရာနေအိမ်များကို ဒုံးကျည်တစ်စင်းထက်မနည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု မျက်မြင်သက်သေများနှင့် ဒေသတွင်းသတင်းရင်းမြစ်များတွင် ဖော်ပြထားသည်။
ဂါဇာဒေသရှိပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေးအဖွဲ့က အစ္စရေးလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မီးငြှိမ်းသတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ကယ်ဆယ်ရေးအဖွဲ့များက ကလေးငါးဦးအပါအဝင် ၂၀ ဦးထက်မနည်းသော ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
အစ္စရေးတပ်ဖွဲ့၏ဆက်လက်တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် ပါလက်စတိုင်းသေဆုံးသူ ၄၄၅၃၂ ဦး ရှိလာကြောင်း ဂါဇာဒေသအခြေစိုက်ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို