အော်စလို    အောက်တိုဘာ   ၁၆

နော်ဝေနိုင်ငံသား ၁၇၀ မှာ ဂါဇာကမ်းမြောင်မှ ထွက်ခွာရန် အကူအညီ လိုအပ်နေသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။

သတင်းထုတ်ပြန်ချက်တွင် နော်ဝေနိုင်ငံခြားရေးဝန်ကြီး အန်နီကန် ဟွတ်ဖီးလ်ဒ်က   ဂါဇာ၏   အခြေအနေမှာ  တည်ငြိမ်မှုမရှိကြောင်းနှင့် ပိုမိုဆိုးရွားလျက်ရှိကြောင်း  ပြောသည်။ ဝန်ကြီးဌာန အနေဖြင့်  နော်ဝေနိုင်ငံသားများအတွက်    အဖြေရှာဖွေဖော်ထုတ်ရန်   အဆက်မပြတ်လုပ်ဆောင်လျက် ရှိကြောင်း၊ အခြားသောနိုင်ငံများနှင့်အတူ နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် အီဂျစ်နှင့် ဂါဇာကမ်းမြောင်ဒေသရှိ ရာဖာနယ်စပ်ဂိတ်မှာ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း၊  ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နော်ဝေနိုင်ငံသားများကို အဆိုပါ နယ်စပ်ဂိတ်မှ ကူးလူး ဖြတ်သန်းသွားလာနိုင်ရေးနှင့် ပတ်သက်ပြီး အာမမခံနိုင်ကြောင်း ၎င်းက  ဆက်ပြောသည်။

နော်ဝေစင်းလုံးငှားလေယာဉ်နှစ်စင်းသည် ခရီးသည်   ၁၈၀   နှင့်  ၂၆ ဦးကို တင်ဆောင်ကာ ကြာသပတေးညပိုင်းနှင့် သောကြာနေ့ ညနေပိုင်းတွင်   အစ္စရေးနိုင်ငံမှ  အော်စလိုမြို့သို့  အသီးသီးရောက်ရှိလာကြကြောင်း  သိရသည်။                                                                                                                                          ဆင်ဟွာ