ဂါဇာ ၂၀ ဖေဖော်ဝါရီ
ပြီးခဲ့သည့် အင်္ဂါနေ့ ညနေပိုင်းက ဂါဇာကမ်းမြောင် မြောက်ပိုင်းတွင် အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်း ဆန္ဒပြသူများကြား ထိပ်တိုက်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ပါလက်စတိုင်း ဆန္ဒပြသူ အနည်းဆုံး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂါဇာဒေသရှိ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရှရက်ဖ် အယ်လ် ကွီဒရာ ၏ ပြောကြားချက်အရ အစ္စရေးနိုင်ငံနှင့် ဂါဇာကမ်းမြောင် မြောက်ပိုင်း နယ်စပ်တွင် အစ္စရေး တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ပါလက်စတိုင်း ဆန္ဒပြသူ ၂၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆန္ဒပြသူများကို မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်မှုကြောင့် ဒါဇင်နှင့်ချီ၍ အသက်ရှုကြပ်သည့် ဝေဒနာခံစားခဲ့ရကြောင်း သိရသည်။
ဆန္ဒပြသူများကလည်း ပါလက်စတိုင်း အလံကို ဝှေ့ယမ်းပြီး အစ္စရေးတပ်ဖွဲ့ဝင်များကို ကျောက်တုံးများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့သည့်ဟု မျက်မြင်သက်သေများ က ပြောသည်။

၂၀ဝ၇ ခုနှစ် နှစ်လယ်ပိုင်းက ဂါဇာကမ်းမြောင်ကို အစ္စရေးဘက်က ပိတ်ဆို့ခဲ့မှုကို အဆုံးသတ်ရေးအတွက် အစ္စရေးနိုင်ငံအား ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ပါလက်စတိုင်း ဆန္ဒပြသူများက အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် နယ်စပ်သို့ စုဝေးရောက်ရှိလာခြင်းဖြစ်သည်။
ဟားမတ်စ် ထိန်းချုပ်ရာ ကမ်းရိုးတန်းမှာ ပြီးခဲ့သည့်နှစ် မတ်လကတည်းက စပြီး "Great March of Return" ဆိုသည့် ခေါင်းစဉ်ဖြင့် အပတ်စဉ် အစ္စရေးနိုင်ငံအား စတင် ဆန့်ကျင် ဆန္ဒပြမှုများ ဆောင်ရွက်ခဲ့သည်။ ထိုအချိန်ကစပြီး အစ္စရေးတပ်ဖွဲ့၏ ပြန်လည်တိုက်ခိုက်မှုကြောင့် ဆန္ဒပြသူ ၂၅၀ သေဆုံးခဲ့ရပြီး ၂၆၀ဝ၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
၂၀ဝ၇ ခုနှစ်က ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဟားမတ်စ်တို့က စီးနင်းတိုက်ခိုက်ပြီး ကမ်းရိုးတမ်းဒေသကို သိမ်းပိုက်ထိန်းချုပ်ခဲ့သဖြင့် အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ကို တင်းကျပ်စွာ ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
SMZaw( MDN)
Source> Xinhua
