မော်စကို၊ ဒီဇင်ဘာ ၁၀
အီဂျစ်သမ္မတ အယ်လ်စီစီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ် ရပ်စဲရေးအတွက် ပူးပေါင်းကြိုးပမ်းသွားမည်ဟု ယမန်နေ့က ကတိပြုခဲ့သည်။
သမ္မတနှစ်ဦးသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် စိတ်အားထက်သန်စွာ ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးကြသည်။
ဆွေးနွေး
ပါလက်စတိုင်းပြဿနာကို တရားမျှတပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများနှင့် သက်ဆိုင်ရာ ဆုံးဖြတ်ချက်များနှင့်အညီ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တရားဝင် ထူထောင်ရေးနှင့် အသိအမှတ်ပြုရေးတို့ကိုလည်း ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးကြသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ထပ်မံယိုယွင်းလာခြင်းကို ကာကွယ်ရန်အတွက် အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးရန် ကိုင်ရို၏ ဆက်လက်ကြိုးပမ်း အားထုတ်မှုများအပေါ် အီဂျစ် သမ္မတ အယ်လ်စီစီက အလေးပေးပြောကြားသည်။
အီဂျစ်သည် ၁၉၇၉ ခုနှစ်တွင် အစ္စရေးနှင့် ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဆယ်စုနှစ်များစွာတိုင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် အဓိကကျသော ငြိမ်းချမ်းရေးဖျန်ဖြေပေးသည့် နိုင်ငံဖြစ်သည်။
အစ္စရေးနှင့် ဟားမတ်စ်တို့ အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှစပြီး အီဂျစ်သည် ဓားစာခံများ လွတ်မြောက်ရေးနှင့် ပါလက်စတိုင်းနယ်မြေအတွင်း တင်းမာလျက်ရှိသည့် အခြေအနေကို လျော့ပါးသွားစေရန်အတွက် ကာတာနှင့် အမေရိကန် နိုင်ငံတို့နှင့်အတူ ဖျန်ဖြေရေးကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်