ထွန်းကျော်
အစ္စရေးက ဂါဇာတောင်ပိုင်း ရာဖာမြို့မှာ စစ်ဆင်ရေးဆင်နွှဲနေတဲ့အတွက် ဂါဇာတောင်ပိုင်းနဲ့အလယ်ပိုင်းမှာ ပဋိပက္ခအကျပ်အတည်းဟာ ပိုလို့ဆိုးလာခဲ့ပါတယ်။ ဒီကြားထဲ ကလေးငယ်တစ်ဦး အစာငတ်သေတဲ့ သတင်းကလည်း ကမ္ဘာ တစ်ဝန်းလုံးကို ရိုက်ခတ်လာခဲ့ပါတယ်။
ငတ်မွတ်ခေါင်းပါးမှုဟာ ဂါဇာမှာအမြစ်တွယ်
ဂါဇာမှာ အစာငတ်နေတဲ့ ကလေးငယ်ပေါင်း မရှိဘူးဆိုရင် ၃၀ လောက်ရှိပါတယ်။ သို့သော်လည်း ဂါဇာ မြောက်ပိုင်းမှာရှိတဲ့ အစာငတ်နေတဲ့ကလေးအကုန်လုံးနီးပါး သေဆုံးကုန်ကြပါပြီ။ အဲဒီဒေသမှာ စားရေရိက္ခာ ဆိုးဆိုးရွားရွား ပြတ်လပ်နေသလို ဆေးဝါးအစောင့်အရှောက်ကလည်း ရှိမနေပါဘူး။ အဆင့်မြင့် အမေရိကန် အကူအညီ ပေးရေးအရာရှိတစ်ဦးကတော့ ငတ်မွတ်ခေါင်းပါးမှုဟာ ဂါဇာရဲ့ဒေသအတော်များများမှာ အမြစ်တွယ်နေပြီလို့ ပြောပါတယ်။
ကလေးငယ်တွေ စာရေရိက္ခာပြတ်လပ်မှု ခံစားနေရ
မေလမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေ ဂါဇာကိုရောက်လာခြင်းက ဂါဇာမှာ ဘေးအန္တရာယ်တွေဖြစ်ပေါ်စေမယ့် အရိပ်အယောင်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ရာဖာမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေတွေက ကလေးငယ်တွေအတွက် တကယ့်ကို ဘေးဒုက္ခပါပဲလို့ ပါလက်စတိုင်းမှာရှိတဲ့ ယူနီဆက်ဖ်ရဲ့ ဆက်သွယ်ရေး အကြီးအကဲဖြစ်တဲ့ ဂျွန်နသန်ခရစ်က ပြောကြားခဲ့ပါတယ်။ ကလေးငယ်တွေအတွက် အစာအာဟာရ ထောက်ပံ့ပေးမယ်ဆိုရင် ကလေးငယ်တွေကြား အာဟာရမပြည့်ဝခြင်းကို ကူညီဖြေရှင်းပေးရာ ရောက်မှာဖြစ်ပြီး အကယ်၍ မထောက်ပံ့ပေးဘူးဆိုရင်တော့ ကလေးငယ် ၃၀၀၀ လောက်ကြီးမားတဲ့ စားရေရိက္ခာပြတ်လပ်မှုကို ခံစားကြရမှာ ဖြစ်ပါတယ်။
ငတ်မွတ်ခေါင်းပါးမှုကို ပိုဖြစ်စေ
ဂါဇာမြောက်ပိုင်းကို အစ္စရေးတပ်ဖွဲ့တွေက လအတော်ကြာဖြတ်တောက် ပိတ်ဆို့ခဲ့ခြင်းက တောင်ပိုင်းထက် ငတ်မွတ်ခေါင်းပါးမှုကို ပိုဖြစ်စေပါတယ်။ အီဂျစ်ကိုဖြတ်ပြီး ရာဖာမှတစ်ဆင့် အကူအညီတွေဟာ တဖြည်းဖြည်းပြတ်တောင်း ပြတ်တောင်းဝင်ရောက်နေသလို အစ္စရေးမှတစ်ဆင့် ကီရမ်ရှာလွန်မှလည်း တဖြည်းဖြည်း ဝင်ရောက်နေပါတယ်။ အခုတော့ အီဂျစ်နယ်စပ်ကိုလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေက ထိန်းချုပ်လိုက်ပါပြီ။ ရာဖာမှတစ်ဆင့် အကူအညီတွေ ဖြတ်ကျော် ဝင်ရောက်နိုင်မှုကိုလည်း ပိတ်ဆို့လိုက်ပါပြီ။ ကီရမ်ရှာလွန်မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ဆိုတာလည်း ခက်ခဲလာပါပြီ။
ထောက်ပံ့ပစ္စည်းတွေ ပြတ်တောက်
ဂါဇာထဲကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ဆိုတာ သုံးပုံပုံနှစ်ပုံလောက်အထိ ကျဆင်းလာခဲ့ပြီဖြစ်ပါတယ်။ ဂါဇာမြောက်ပိုင်းကို အစားအသောက်တွေ အတော်များများ ဝင်ရောက်နိုင်တယ် ဆိုတာက တခြားလမ်းကြောင်းအသစ် တွေကတစ်ဆင့် ဝင်ရောက်လာနိုင်တာ ဖြစ်ပါတယ်။ သို့သော်လည်း ဂါဇာ တောင်ပိုင်းမှာရှိတဲ့ လူတွေက အစားအသောက်တွေ၊ ထောက်ပံ့ပစ္စည်းတွေ ပြတ်တောက်နေကြပြီလို့ ပါလက်စတိုင်း နိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအစီအစဉ် အကြီးအကဲက ပြောကြားလိုက်ပါတယ်။

အရပ်သားတွေကို ခြိမ်းခြောက်လျက်ရှိ
မြောက်ပိုင်းမှာတော့ လွန်ခဲ့တဲ့သီတင်းပတ်ငါးပတ်ကထက် အခြေအနေတွေ တိုးတက်ကောင်းမွန်လာပါပြီ။ သို့သော်လည်း တခြားဒေသတွေဖြစ်တဲ့ ဂါဇာအလယ်ပိုင်းနဲ့ အထူးသဖြင့် တောင်ပိုင်းဒေသတွေမှာ မေ ၇ ရက် ကတည်းက အခြေအနေတွေဟာ နောက်တစ်ကြိမ် ဆိုးရွားလာခဲ့ပါတယ်။
ပြည်သူတွေ အကူအညီအထောက်အပံ့တွေမပြတ်တောက်ခင် တစ်ပတ်စာလောက်အထိပဲ အချိန်ရတော့မယ်။ အမေရိကန်က တည်ဆောက်ပေးခဲ့တဲ့ ရွေ့လျားဆိပ်ကမ်းလေးကလည်း အခုတော့ ဆိုးရွားတဲ့ရာသီဥတုကြောင့် ပျက်စီးခဲ့ပါပြီ။ ပြန်ပြင်ဖို့ဆိုတာကလည်း ဝေးသေးပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်ကုန်က အစ္စရေးလေကြောင်း တိုက်ခိုက်မှုတစ်ခုကြောင့် ဒုက္ခသည်ခိုလှုံရေးစခန်းတွေ မီးတောက်လောင်ခဲ့ပြီး လူ ၄၅ ဦး လောက် သေဆုံးခဲ့ပါတယ်။ ဂါဇာမှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ဗုံးဒဏ် တွေ၊ ကျည်ဆန်တွေက အရပ်သားတွေကို ခြိမ်းခြောက်လျက်ရှိပါတယ်။
လူသားချင်းစာနာမှု လုံးဝဆိုးရွားလျက်ရှိ
စားရေရိက္ခာနဲ့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ပေးနိုင်မှု တအိအိပြိုလဲလာခြင်းက စိတ်မကောင်းစရာဖြစ်ရပ် တစ်ခုပါပဲ။ မမျှော်မှန်းနိုင်တဲ့ အကူအညီတွေ ဂါဇာထဲကို တဖြည်းဖြည်းစီးဝင်လာတာက တိုးတက်မှု အရိပ်အယောင်ကို ပြနေသော်လည်း တကယ်တမ်းကျတော့ လူသားချင်းစာနာ ထောက်ထားမှု အခြေအနေကတော့ လုံးဝကို ဆိုးနေပါတယ်။ အခုတော့ ဂါဇာပြည်သူတွေဟာ တဖြည်းဖြည်း အစာငတ်သေမှာ၊ ရောဂါတွေကြောင့်သေမှာ၊ ဆေးဘက်ဆိုင်ရာအကူအညီမရမှုတွေကြောင့် သေမှာကို တောင် ထိတ်လန့် ကြောက်ရွံ့နေကြပါတယ်။
ရှိရင်းစွဲအခြေအနေကို ပိုလို့တောင်ဆိုးစေ
လွန်ခဲ့တဲ့ တစ်ပတ်ကလည်း ဂါဇာမှာ အသက် ၁၃ နှစ် ကလေးတစ်ဦး အစာ ငတ်ပြီးသေဆုံးခဲ့ပါတယ်။ ဒါတွေက အရေးပေါ်အကူအညီတွေ လိုအပ်နေ တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဂါဇာမှာရှိတဲ့ အသက်ငါးနှစ်အောက် ကလေးငယ်တွေဟာ ဘာမှမစားဘဲ တစ်နေ့တာကို ဖြတ်သန်းနေကြတာပါ။ လျှပ်တစ်ပြက်ပြုလုပ်လိုက်တဲ့ စစ်တမ်းတစ်ခုက ၈၅ ရာခိုင်နှုန်းသော ကလေးတွေဟာ ဘာအစားအစာမှ မစားရဘဲ တစ်နေ့လုံး ဖြတ်ကျော်နေခဲ့တာကို တွေ့ရှိပါတယ်။ စားရေရိက္ခာ ပြတ်လပ်တာ တကယ့်အန္တရာယ်မဟုတ်သေးဘဲ အခုတော့ သန့်ရှင်းတဲ့ရေလည်း ပြတ်လပ်နေသလို ရေဆိုးစနစ်တွေလည်း မရှိတဲ့အတွက် ကလေးတွေဟာ အခုတော့ ကူးစက်ရောဂါအခြေအနေတွေကို စိုးကြောက်နေရပါပြီ။ ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက် မှုမပေးနိုင်တာတွေက ရှိရင်းစွဲအခြေ အနေကို ပိုလို့တောင်ဆိုးစေပါတယ်။ ဂါဇာရဲ့အခြေအနေဟာ ပြီးဆုံးမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။
ကိုးကား- စီအင်န်အေ၊အေဘီစီ