ဂါဇာစီးတီး နိုဝင်ဘာ ၇
ဂါဇာမြို့အနောက်ဘက်ရှိ အယ်လ်ရှာတီ ဒုက္ခသည်စခန်းကို အစ္စရေးတပ်ဖွဲ့ဝင်များက ယနေ့လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၁၀ ဦးထက်မနည်း သေဆုံးကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်များက ပြောကြားသည်။
အစ္စရေးတိုက်လေယာဉ် တစ်စင်းသည် အယ်လ်ရှာတီ ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းကို ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် မျက်မြင်သက်သေများက ပြောကြားသည်။
ဒဏ်ရာရရှိသူ ၃၀ ကျော်ကို ဆေးရုံများသို့ လွှဲပြောင်းပေးထားကြောင်း ဆေးဘက်ဆိုင်ရာသတင်းများအရ သိရသည်။ လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ပြီး အချို့မှာပြင်းထန်စွာဒဏ်ရာရရှိခြင်းကြောင့် သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အစ္စရေးတပ်ဖွဲ့က လက်ရှိအချိန်အထိ မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးပေ။ နိုဝင်ဘာ ၇ ရက်တွင် ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် မူစတာဖာက ဂါဇာ ကမ်းမြောင်ဒေသ၌ အစ္စရေး၏ ရာဇဝတ်မှုများကို ရပ်တန့်ရန် ပိုမိုထိရောက်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့ကြောင်း သိရသည်။
အထူးသဖြင့် အငတ်ဘေးနှင့် ရင်ဆိုင်နေရသော ပါလက်စတိုင်းသား နှစ်သန်းကျော်အား ထောက်ပံ့ရေးနှင့် ဆေးဝါးယာဉ်တန်းများ ဝင်ရောက်နိုင်ရေးအတွက် ကုလသမဂ္ဂအနေဖြင့် ပိုမိုထိရောက်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ပြည်သူများ၏ အခြေခံလိုအပ်ချက်အားလုံး ဆိုးရွားစွာ ပျက်စီးသွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အကြီးတန်း ညှိနှိုင်းရေးမှူးနှင့်တွေ့ဆုံစဉ် ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် မူစတာဖာက ပြောကြားသည်။
ထို့ပြင် မူစတာဖာက အစ္စရေး၏ ရာဇဝတ်မှုများကို တာဝန်ယူမှု တာဝန်ခံမှုရှိရန်အတွက် ဖိအားများပေးရန် ကမ္ဘာ့နိုင်ငံများကို တောင်းဆိုခဲ့သည်။ လက်ရှိအချိန်အထိ ဂါဇာဒေသ၌ အစ္စရေး-ဟားမတ်စ်တို့ အပြန်အလှန် စစ်ဆင်နွှဲမှုများကြောင့် ပြည်သူ ၄၃၄၀၀ ကျော် သေဆုံးပြီး နေအိမ်များနှင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်