ဂါဇာစီးတီး မေ ၄ 

ဂါဇာတောင်ပိုင်း ခန်ယွန်နစ်မြို့၌ ဒါဇင်နှင့်ချီသော သတင်းထောက်များသည် ၎င်းတို့အား အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် ယမန်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
 
ထို့ပြင် မီဒီယာသမားများအပေါ် အစ္စရေး၏ ထပ်ခါတလဲလဲ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရန်လည်း နိုင်ငံတကာအသိုက်အဝန်းကို ၎င်းတို့က တောင်းဆိုခဲ့သည်။ 

အဆိုပါဆန္ဒထုတ်ဖော်မှုကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် ပါလက်စတိုင်းသတင်းထောက်များအဖွဲ့က ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်းမီဒီယာသမားများသည် မြို့တော်ခန်ယွန်နစ်ရှိ နက်စ်ဆာဆေးရုံရှေ့၌ “သတင်း သမားများအား သတ်ဖြတ်ခြင်းကိုရပ်” ဟူသောဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

အစ္စရေးအစိုးရသည် ပါလက်စတိုင်း သတင်းထောက်များအား တိုက်ရိုက်သတ်ဖြတ်ပြီး ၎င်းတို့၏နေအိမ်များကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောကြားသည်။ 

ဂါဇာဒေသသည် သတင်းထောက်များအတွက် ဘေးကင်းရေးအာမခံချက် လုံးဝမရှိခြင်း၊ စာနယ်ဇင်းအဖွဲ့အစည်းများကို ဖျက်ဆီးခြင်းနှင့် ပုံနှိပ်လုပ်ငန်းများ ပျက်စီးဆုံးရှုံးရခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနေရာများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။ 

သေဆုံးခဲ့သည့် သတင်းသမားများအတွက် အစ္စရေးအစိုးရတွင် တာဝန်အပြည့်အဝရှိကြောင်းနှင့် ပြင်းထန်စွာအရေးယူမှုပြုရန် နိုင်ငံတကာအဖွဲ့အစည်းများကို ဆန္ဒထုတ်ဖော်သည့် သတင်းသမားများက တောင်းဆိုခဲ့သည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ဂါဇာ စစ်ပွဲစတင်ချိန်မှစပြီး အစ္စရေး၏တိုက်ခိုက်မှု ကြောင့် သတင်းထောက် ၂၁၂ ဦး သေဆုံးကာ ၄၀၉ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၄၈ ဦး ဖမ်းဆီး ခြင်းခံထားရကြောင်း ဟားမတ်စ်အဖွဲ့က ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ 
ဘာသာပြန် - အောင်ကျော်ကျော်