ဂျကာတာ၊ ၁၂ ဇန်နဝါရီ
အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ဇန်နဝါရီ ၉ ရက်က ဂျာကာတာကမ်းလွန်ပင်လယ်တွင် ပျက်ကျခဲ့သည့် ဆရိဝီဂျာယာလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇-၅၀၀ လေယာဉ်၏ ဘလက်ဘောက်စ် (လေယာဉ်ပျံသန်းမှု အချင်းအရာအသေးစိတ်ကို အလိုအလျောက်မှတ်တမ်းတင်သည့် စက်ကိရိယာ)ကို ပင်လယ်ရေအောက်မှ ယနေ့ပြန်ထုတ်နိုင်ခဲ့ကြောင်း ဒေသဆိုင်ရာရုပ်သံလွှင့်ဌာနက ပြောကြားသည်။
အင်ဒိုနီးရှားရေငုပ်သမားများသည် အဆိုပါ ဘလက်ဘောက်စ်ကို ဂျကာတာပင်လယ်ကွေ့ရှိ လန်ကျန်ကျွန်းစုနှင့် လာကီကျွန်းစုအကြား ရေအောက်ပင်လယ်ကြမ်းပြင်ပေါ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သင်္ဘောဖြင့် ဂျကာတာမြို့ရှိ တန်ဂျုံပရီအော့ခ် ပင်လယ်ဆပ်ကမ်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဘလက်ဘေက်စ်၏ အချက်အလက်အားလုံးကို နှစ်ရက်မှ ငါးရက်အကြား ကူးယူခဲ့ပြီးနောက် လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်သည့် အချက်အလက်များကို စုံးစမ်းစစ်ဆေးသူများက ဆန်းစစ်လေ့လာမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံမှုကော်မတီအကြီးအကဲ ဆူဂျန်တိုတီဂျဂျန်တိုက ပြောကြားသည်။
လူ ၆၂ ဦး လိုက်ပါသည့် ဆရိဝီဂျာယာလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇-၅၀၀ လေယာဉ်သည် ဇန်နဝါရီ ၉ ရက်က အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျကာတာ ကမ်းလွန်ပင်လယ်တွင် အရှိန်ဖြင့်ထိုးကျခဲ့ကြောင်း သိရသည်။ ဆရိဝီဂျာယာလေကြောင်းလိုင်းပိုင် SJ-182 အမျိုးအစားလေယာဉ်သည် ဇန်နဝါရီ ၉ ရက်က ဂျကာတာမြို့ရှိ ဆူကာနိုဟတ္တာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အနောက်ဂျားဗားပြည်နယ် ပွန်တီယာနာ့ခ်မြို့သို့ ဦးတည်ထွက်ခွာခဲ့ပြီးနောက် လေးမိနစ်ခန့်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားအစိုးရသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ကူညီကယ်ဆယ်ရေးဝန်ထမ်း ၃၆၀၀ ခန့်ကို သင်္ဘော ၅၄ စင်းနှင့် လေယဉ်နှင့် ရဟတ်ယာဉ် ၁၃ စင်းနှင့်အတူ အခင်းဖြစ်ပွားသည့်နေရာသို့ စေလွှတ်ထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ