ဂျကာတာ ၄ ဇွန်
အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် သီတင်းပတ်များကြာ အသွားအလာကန့်သတ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း တစ်စိတ်တစ်ပိုင်းကို စတင်ဖြေလျှော့နေပြီဖြစ်ကြောင်း ဂျကာတာ အစိုးရက ယနေ့ကြေညာသည်။
သို့သော် မြို့ပေါ်၌ ကန့်သတ်မှု တစ်စိတ်တစ်ပိုင်းထားရှိခြင်းဖြင့် အများပြည်သူအတွက် ကောင်းမွန်ပြီး၊ လုံခြုံကာ အကျိုးဖြစ်ထွန်းသော အခြေအနေတစ်ရပ်သို့ အသွင်းကူးပြောင်းရေးကို ဦးတည်လိမ့်မည်ဟု မျှော်လင့်ချက်ရှိသည့်အတွက် တစ်စိတ်တစ်ပိုင်းကန့်သတ်မှုကို ယခုလတွင် ဆက်လက်ကျန်ရှိနေမည်ဟု ဂျကာတာမြို့တော်ဝန် အာနစ်ဘာဆွီဒင်က ယနေ့ကြေညာသည်။
ဂျကာတာမြို့၌ ရောဂါကူးစက်မှု အရှိန်မြင့်မားလာခဲ့ပြီးနောက် အသွားအလာကန့်သတ်မှုကို ရေရှည်ချမှတ်ထားရန် ဆုံးဖြတ်ထားပြီး ဤလကို ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးကာလတစ်ခုအဖြစ် မိမိတို့အနေဖြင့် ကန့်သတ်မှု တစ်စိတ်တစ်ပိုင်းကို ဖြေလျှော့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အသွားအလာကန့်သတ်မှု တစ်စိတ်တစ်ပိုင်း ဖြေလျှော့ရေးအစီအစဉ်အရ ဇွန် ၅ ရက်မှစ၍ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည် မူလအတိုင်း လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်မည်ဖြစ်သလို ဘာသာရေး အဆောက်အအုံများကိုလည်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သို့သော် ကုန်တိုက်ကြီးများကိုမူ ဇွန်လကုန်ပိုင်းမှစ၍ ပြန်ဖွင့်မည်ဖြစ်ကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများအပြား ပြန်လည်ဖြစ်ပွားပါက အရေးပေါ်အခြေအနေကို ပြန်လည်ချမှတ်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးဗဟိုဌာနဖြစ်ပြီး လူဦးရေ ၁၁ သန်းခန့်နေထိုင်သည့် ဂျကာတာမြို့တွင် မတ် ၃ ရက်က ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိခဲ့ပြီး ယခုအခါ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ အဆိုးရွားဆုံးထိခိုက်သွားသည့် မြို့တစ်မြို့ ဖြစ်လာခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ