ဂွ ၄ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူထုဗဟိုပြုစီမံကိန်းဖြင့် အခြေခံအဆောက်အအုံများ ဆောင်ရွက်ခဲ့ရာ ပထမနှစ်စီမံကိန်းစက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သောသုံးသပ်ဆွေးနွေးပွဲကို ဇွန် ၃ ရက်နံနက် ၉ နာရီက ဂွမြို့ အောင်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လူမှုရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဒေါက်တာချမ်းသာ၊ စည်ပင်သာယာရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးဝင်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးလှခိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးလွင်နှင့် လူထုဗဟိုပြုစီမံကိန်း တာဝန်ခံများ၊ သက်ဆိုင်ရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်စီမံကိန်း နည်းပညာအကြံပေး အဖွဲ့များနှင့် စည်းရုံးရေးမှူးများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကော်မတီများ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက စီမံကိန်းစက်ဝန်းတစ်နှစ်တာ လုပ်ဆောင်ချက်များ လုပ်ကိုင်ခဲ့သည့် အားသာချက် အားနည်းချက်များကို တကယ် အကောင်အထည်ဖော်ခဲ့ကြသော ကျေးရွာကော်မတီဝင်များနှင့် သက်ဆိုင်သူများက ဆွေးနွေးကြမှာဖြစ်ပြီး ဆွေးနွေးချက်မှ ရလဒ်ကောင်းများ၊ သင်ခန်းစာယူစရာများ ထွက်ပေါ်လာမှာဖြစ်သည့်အတွက် တက်ရောက်လာသော သူများမှလည်း တက်တက်ကြွကြွနှင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ပုံများကို သုံးသပ်ဆွေးနွေး ပေးကြရန်နှင့် တခြားတစ်ဖက်တွင်လည်း ဆွေးနွေးပွဲရလဒ်များကို ပြည်ထောင်စု သုံးသပ်ဆွေးနွေးပွဲ တွင်လည်း တင်ပြမှာဖြစ်သည့်အတွက် ဂွမြို့နယ်အတွက် အကောင်းဆုံး အအောင်မြင်ဆုံးဖြစ်အောင် ဆွေးနွေးကြရန် လိုအပ်ကြောင်း၊ လူထုဗဟိုပြုစီမံကိန်းအနေဖြင့် အခြေခံ အဆောက်အအုံများ တိုးတက်လာမှုအပြင် ကျေးရွာသူ၊ ကျေးရွာသားများ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မှုများ၊ တက်ကြွစွာဆောင်ရွက်မှုများကို ကိုယ်တိုင်တွေ့ရှိရသည့် အတွက် စီမံကိန်းကိုအသိအမှတ်ပြုကြောင်း၊ ရှေ့ဆက်၍လည်း စီမံကိန်း၏ ရည်ရွယ်ချက်ဖြစ်သော `ကျေးလက်လူထုအခြေပြု၊ ဖွံ့ဖြိုးမှုကို တို့ရှေးရှု့´ဆိုသော ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးလှခိုင်က လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး အကောင်းဆုံး ကျေးရွာများကို မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များက ကျေးရွာများတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများ၊ စာရင်းဇယားများ စီစစ်၍ ပထမ၊ ဒုတိယ၊ တတိယ ဆုများ ရွေးချယ်ကာ ဆုများကို အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
လူထုဗဟိုပြုစီမံကိန်းသည် ကျေးရွာလိုအပ်ချက်ဖြစ်သော အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ စာသင်ကျောင်း၊ ရွာခန်းမ၊ လမ်းမီးရရှိရေး၊ ရေရရှိရေးနှင့် အခြားအထွေထွေလိုအပ်ချက်များ အဓိကဆောင်ရွက်ခြင်းဖြစ်ပြီး များစွာအကျိုးဖြစ်ထွန်းကြောင်း၊ ပထမနှစ်စီမံကိန်းစက်ဝန်းအတွင်း ဂွမြို့နယ်ရှိ ကျေးရွာအုပ်စု ၃၃အုပ်စု၊ ကျေးရွာပေါင်း ၁၆၆ရွာတို့၌ ရွာတွင်း ကွန်ကရစ်လမ်း ၃၆လမ်း၊ ကျောက်ချောလမ်း နှစ်လမ်း၊ ဗြုန်းခင်းလမ်း ၂၁လမ်း၊ ကွန်ကရစ်ဘီးနင်းလမ်း တစ်လမ်း၊ မြေသားလမ်း ၁၃လမ်း၊ သစ်သားတံတား လေးစင်း၊ Slab Culvert တစ်စင်း၊ လက်တူးတွင်း ခုနှစ်တွင်း၊ အုတ်ရေလှောင်ကန်း နှစ်ကန်၊ ရေပိုက်သွယ်တန်းခြင်း တစ်ခု၊ ဆိုလာလမ်းမီး တစ်ခု၊ စာသင်ကျောင်းပြုပြင်ခြင်း ငါးကျောင်း၊ ရွာခန်းမ နှစ်ခု၊ အခြားအထွေထွေပြင်ဆင်ခြင်းများ သုံးခု၊ စုစုပေါင်းလုပ်ငန်း ၁၀၄ခုကို ထောက်ပံ့ငွေကျပ် ၈၈၄၀သိန်းအပြင် ပြည်သူထည့်ဝင်ငွေအချို့တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်
