နေပြည်တော် ၂၉ ဇန်နဝါရီ
ရခိုင်ပြည်နယ် ဂွမြို့နယ် ကင်းပုံကျေးရွာအုပ်စုနှင့် ဆတ်သွားကျေးရွာအုပ်စုတို့တွင် အုန်းဥယျာဉ်ခြံမြေများကို ရောင်းချရာ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ငွေကြေး ရယူခဲ့ခြင်းအပေါ် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားစာနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။
အဂတိလိုက်စားခြင်း စစ်ဆေးပေါ်ပေါက်
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ် ဂွမြို့နယ် ကင်းပုံကျေးရွာအုပ်စုနှင့် ဆတ်သွားကျေးရွာအုပ်စုရှိ အုန်းခြံမြေများ ရောင်းချသည့် ကိစ္စနှင့်စပ်လျဉ်း၍ ကုမ္ပဏီတစ်ခုက လယ်ယာမြေ ကို အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်ထားခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်း၊ Special Power of Attorney များပြုလုပ်ခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိရေး လုပ်ငန်းစဉ်များတွင် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်သည် မြေပွဲစားများထံမှ ငွေကျပ် ၃၅ သိန်းကို လည်းကောင်း၊ လ/ထ ဦးစီးမှူး ဦးမောင်မောင်လွင်သည် မြေပွဲစားများထံမှ အမှုတွဲ တည်ဆောက်ရန်အတွက် ငွေကျပ် ငါးသိန်း၊ မြေတိုင်းလုပ်ငန်းအတွက် ငွေကျပ် ၆၅ သိန်း နှင့် မြေတိုင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် GPS တစ်လုံးကို လည်းကောင်း၊ မြေတိုင်း-၄ ဦးကျော် နိုင်ထွန်းသည် မြေပွဲစားများထံမှ ငွေကျပ် ၃၀ဝဝဝ ကို လည်းကောင်း၊ မြေတိုင်း-၄ ဦးသန့်ဇော်လင်းသည် ငွေကျပ် ရှစ်သိန်းကို လည်းကောင်း၊ စာရင်းကိုင်-၄ ဒေါ်အေးအေးလွင်သည် ငွေကျပ် ၃၉၉၀ဝဝဝ ကို လည်း ကောင်း၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးစန်းယုအောင်သည် မြေပွဲစား များထံမှ ငွေကျပ် ၁၅၆၀ဝဝဝ ကို လည်းကောင်း လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ အဂတိလိုက်စားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ
ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လ/ထ ဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်း၊ မြေတိုင်း-၄ ဦးသန့်ဇော်လင်း၊ စာရင်းကိုင်-၄ ဒေါ်အေးအေးလွင်နှင့် ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးစန်းယုအောင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း၊ အချင်းဖြစ် ဥယျာဉ်ခြံမြေများ ရောင်းချခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြေပွဲစားများဖြစ်သည့် ဒေါ်ညွန့်ညွန့်သော်၊ ဦးအောင်နှင်းနှင့် ဦးရဲကျော်စွာ (ခ)ကျော်ကျော် (ခ)သားကြီးတို့သည် တောင်သူများထံမှ ငွေကျပ် ၂၆၅ ဒသမ ဝ၆၈ သိန်းကို တောင်းခံရယူခဲ့ပြီး ဝန်ထမ်းများအား ငွေကြေးများ ပေးခဲ့ကြခြင်းသည် ဝန်ထမ်းများ အဂတိလိုက်စားမှုဖြစ်စဉ်အပေါ် ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် အားပေးကူညီခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဒေါ်ညွန့်ညွန့်သော်၊ ဦးအောင်နှင်းနှင့် ဦးရဲကျော်စွာ (ခ)ကျော်ကျော် (ခ)သားကြီးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ ၆၃ အရ လည်းကောင်း ရခိုင်ပြည်နယ် ဂွမြို့မရဲစခန်း၌ ယနေ့ရက်စွဲဖြင့် ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်