ဂွ အောက်တိုဘာ ၁၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက်၁၈နှစ်နှင့် အထက် ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် စုရပ်(၃)ခု၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူ မိဘပြည်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီးကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဂွမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm). လက်ကျန်အလုံးရေ (၅၁၄)လုံးအပြင် (၁၉၃၆)လုံးအား အောက်တိုဘာလ(၁၁)ရက်နေ့တွင် ထပ်မံ ရရှိထားကာ ကာကွယ်ဆေးတစ်လုံးကို လူငါးဦးထိုးနှံနိုင်ပြီး ကာကွယ်ဆေးအလုံးရေစုစုပေါင်း (၂၄၅၀) အား အောက်တိုဘာလ(၁၁)ရက်နေ့မှစတင်ကာ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို စုရပ်(၃)ခုတွင် ထိုးနှံပေးလျက်ရှိပြီး အောက်တိုဘာလ (၁၁) ရက်နေ့နှင့် (၁၂)ရက်နေ့များတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း (၁၆၂၉)ဦး ရှိကြောင်းနှင့် ယနေ့ တတိယမြောက်နေ့ အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်