ဂွ နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ် ဂွမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ရဟိုင်ကူးတို့ ကျေးရွာအုပ်စု ရဟိုင်ကွင်းကျေးရွာ "ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ" စိုက်ခင်းတွင် ၂၀၂၁ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ကြသည်။
ထိုနောက် ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ရဟိုင်ကွင်းကျေးရွာရှိ ကွင်းအမှတ် ၂၉၇ တွင် ဆင်းသွယ်လတ် မျိုးစေ့ ထုတ်စိုက်ခင်း၏ အထွက်နှုန်းကို အနီးစပ်ဆုံး မှန်ကန်စွာ သိရှိနိုင်ရန်အတွက် ကိုယ်စားပြုစံကွက် ကောင်း၊ သင့်၊ ညံ့ သတ်မှတ်စံကွက်မှ အညံ့ဆုံးသတ်မှတ် စံကွက်ကို ရွေးချယ်ပြီး တောင်သူ ဦးမြင့်ထွန်း၏ လယ်မြေ (၁၀)ဧက မှ (၀.၁၀) စံကွက်ရိတ်သိမ်းခဲ့ရာ အစိုတင်း(၇၄)တင်းနှင့် အခြောက်တင်း (၆၉)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်ထွန်းလင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စိုက်ပျိုးရေးဝန်ထမ်းများ၊ ဒေသခံတောင်သူ(၂၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်


