ဂွ ၁၅ ဇူလိုင်
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် (ရန်ကုန်-ငါးသိုင်းချောင်း-ဂွ)ကားလမ်း ကီလိုမီတာတိုင်(၃၈နှင့်၃၉)ကြား၊ ဒေါင်းချောင်းကျေးရွာအုပ်စု၊ ဗောဓိကျေးရွာအနီး(ဒေသအခေါ်ကြံ့ခိုင်ရေးလမ်းပေါက်)၌ ယနေ့နံနက် ၄ နာရီခွဲခန့်တွင် မိုးရွာသွန်းမှုကြောင့် ကားလမ်းမြေသား နိမ့်ကျအက်ကွဲရာ ကားများပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းမှာ ကတ္တရာလမ်းဖြစ်ပြီး လမ်းနိမ့်ကျအက်ကွဲမှုမှာ အလျား(၁၀ဝ)ပေခန့်၊ အကျယ်(၁၅)ပေခန့် ရှိပြီး အောက်သို့(၁ပေခွဲ)ခန့် နိမ့်ကျသွားသောကြောင့် ရန်ကုန်မှဂွမြို့သို့ မောင်းနှင်လာသော မျိုးဆက်သစ် ခရီးသည်တင်ယာဉ်မှာ လမ်းဘယ်ဘက်ခြမ်းမှကွေ့၍ ဖြတ်သန်းမောင်းနှင်စဉ် မြေသားလမ်းတွင် ဘီးကျွံသဖြင့် ရန်ကုန်နှင့် ဂွမြို့ဘက်ခြမ်းမှ အသီးသီးမှ မောင်းနှင်လာသော ကားများ ခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စခန်းမှူးတို့မှ ကြီးကြပ်၍ ဒုရဲအုပ်ကိုကိုမောင်နှင့်အဖွဲ့က လမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဂွမြို့ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


