အက်ခရာ ၁ စက်တင်ဘာ

 

ဂါနာနိုင်ငံတွင် စက်တင်ဘာ ၁ ရက် က စတင်ကာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှု ပြန်လည် စတင်မည်ဟု ဂါနာသမ္မတ နာနာ အက်ဒိုဒန်ဝါအကူဖိုအက်ဒိုက ဩဂုတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

 

ဂါနာနိုင်ငံတွင် လေကြောင်းလိုင်း ပြေးဆွဲမှု ရပ်နားထားသည်မှာ ငါးလနီးပါးရှိပြီဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ လေကြောင်းပြေးဆွဲမှု ပြန်လည်စတင်မည်ဖြစ်သော်လည်း ရေကြောင်း၊ ကုန်းကြောင်းနှင့် နယ်စပ်ဂိတ်များမှ ဖြတ်သန်းခွင့်ကိုမူ ဆက်လက်ပိတ်ထားဦးမည် ဖြစ်သည်။

 

နိုင်ငံအတွင်း ဝင်ရောက်လာမည့် ခရီးသွားများသည် ၎င်းတို့၏ မူရင်းနိုင်ငံမှ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ဆေးစစ်ချက် လက်မှတ်ရယူလာရမည် ဖြစ်သည်ဟု သမ္မတက ပြောကြားခဲ့သည်။

 

ကိုတိုကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလျှင်လည်း လေဆိပ်အဆောက်အအုံတွင် ကိုဗစ်၁၉ စစ်ဆေးမှု လုပ်ဆောင်ရမည်ဖြစ်ပြီး  ကျသင့်ငွေကို ခရီးသည်ဘက်မှ အကုန်အကျခံရမည်ဖြစ်သည်။ ဆေးစစ်ချက် ရလဒ်မှာ မိနစ် ၃၀ အတွင်း အဖြေထွက်မည်ဟု ဂါနာသမ္မတ နာနာ အက်ဒိုဒန်ဝါအကူဖိုအက်ဒိုက ပြောကြားသည်။

 

အစိုးရအနေဖြင့် ကိုဗစ်- ၁၉ ကြောင့် ထုတ်ပြန်ထားရသည့် ပိတ်ဆို့ကန့်သတ်မှုများကို တဖြည်းဖြည်း ချင်းဖြေလျှော့ပေးသွားမည်ဖြစ်ပြီး လေဆိပ်များကိုလည်း ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

 

ဂါနာနိုင်ငံတွင် ကိုဗစ်-၁၉ စတင် ဖြစ်ပွားချိန်မှစတင်ကာ ယနေ့အချိန် အထိ ကူးစက်ခံရသူပေါင်း ၄၄၂၀၅ ဦး ရှိပြီး သေဆုံးသူ ၂၇၆ ဦးရှိသည်ဟု သိရသည်။

 

ဆင်ဟွာ