မန္တလေး ၁၆ အောက်တိုဘာ

 

ရာသီအလိုက် အကျိုးအမြတ်ဖြစ်ထွန်းသော နှစ်ပတ်လည် စိုက်ခင်းကိုပြပါဆိုလျှင် ဂန္ဓမာပန်းစိုက်ခင်းများကို ပြနိုင်သည်။ လက်ရှိကာလ မန္တလေးမြို့အနီးရှိ ဂန္ဓမာပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အကျိုးအမြတ်များ ရရှိနေကြောင်း သိရသည်။

 

ဂန္ဓမာပန်း စိုက်ပျိုးခြင်းလုပ်ငန်းသည် ဂရုတစ်စိုက်ဖြင့် စနစ်တကျ စိုက်ပျိုးရသော လုပ်ငန်းပင်ဖြစ်သည်။ ဂန္ဓမာပန်းစိုက်ရန်အတွက် ပထမဦးစွာ ထယ်ရေးပြင်ခြင်းလုပ်ငန်းကို စနစ်တကျပြုလုပ်ကြရသည်။ ပန်းစိုက်ပျိုးနိုင်ရန် အတွက်အနည်းဆုံး ထွန်ဖြင့်ငါးစပ်မျှ ခုတ်ရလေ့ရှိသည်။ ထယ်ရေးပြင်ပြီးသည်နှင့် ပေါင်များကို စနစ်တကျပြုလုပ်ပေးရသည်။ ပေါင်တစ်ပေါင်လျှင် အနည်းဆုံး တစ်တောင်ကျော် ပြုလုပ်ပေးရသည်။ ဒေသအတိုင်းအတာအားဖြင့် တစ်တောင်နှင့် လက်ငါးလုံး တိုင်းတာစိုက်ပျိုးကြသည်။

 

ပေါင်တစ်ပေါင်နှင့် တစ်ပေါင်အကြား တစ်တောင်ခန့်ခြားထားကာ ရေပိုက်လမ်းအဖြစ် ထားရှိကြသည်။ ဂန္ဓမာပန်းပျိုးပင်များကို   ပြင်ဦးလွင်မှ ဝယ်ယူကြရသည်။ ပန်းပျိုးပင်တစ်ပင်လျှင် ငါးကျပ်မှ ခြောက်ကျပ်အထိ ပေးရသည်။ လက်ရှိကာလ ပန်းပေါင်တစ်ပေါင်လျှင် အပင်အရေအတွက် (၁၂၀၀)ဝင်ဆန့်သည့် မမာဏအတိုင်းအတာဖြင့် စိုက်ပျိုးထားသည်။ မြေအနေအထားအလိုက် ပေါင်အတိုအရှည်ကို လိုသလိုပြုလုပ်လေ့ရှိသည်။ မြေတစ်ဧကလျှင် ပန်းပေါင် (၁၀၀)အထိ စိုက်ပျိုးနိုင်သည်။ တစ်ဧကစိုက်ပျိုးမည်ဆိုပါက ပန်းပေါင်များကို ရက်ခြားကာ စိုက်ပျိုးလေ့ရှိသည်။ သို့မှသာ အဆုတ်အတက်ဖြင့် ပန်းဈေးကွက်ကို အချိန်ဆွဲကာ ချိန်ဆရောင်းချနိုင်မည်ဖြစ်သည်။

 

ပန်းပျိုးပင် စတင်မစိုက်ပျိုးမီ ခြဆေးများခံထားရသည်။ စတင်စိုက်ပျိုးမည့်နေ့တွင် ရှေ့မှပန်းပေါင်ကို ရေစိုနေသည်အထိ လောင်းကာ နောက်မှမြေတွင်ထိုးကာ စိုက်ကြရသည်။ ပန်းစိုက်ပြီးသည့်အချိန်မှစတင်ကာ ရေလောင်းကြရသည်။ ရေလောင်းမှုတွင် ရာသီဥတုပူပါက သုံးခါအထိ လောင်းကြပြီး  ရာသီဥတုအေးပါက နှစ်ခါလောင်းကြရသည်။ ပန်းပင်များဖြစ်ထွန်း အောင်မြင်ရန်အတွက် ၁၅ ရက် တစ်ကြိမ်မြေဆီ ကျွေးပေးရသည်။ စိုက်ပြီး သုံးလကျော် လေးလအရောက်တွင် ပန်းများ ဈေးကွက်အတွင်း ရောင်းချနိုင်သည့် အနေအထားသို့ ရောက်ရှိသည်။ ဂန္ဓမာပန်းမျိုးများစွာရှိပြီး မန္တလေးမြို့အနီးမှ စိုက်ခင်းများမှာ စန်းဘား၊ ကြွေဖြူနှင့် လက်ကီးမျိုးများကို အများစုစိုက်ပျိုးကြသည်။ လက်ရှိကာလတွင် ဂန္ဓမာပန်းဈေးကွက်မှာ ပန်းပင်နှစ်ပင်စည်းတစ်စီးလျှင် ငွေကျပ်ငါးရာကျပ်ဖြင့် ရောင်းချရသည်။ ပန်းဈေးကွက် ကောင်းမွန်ပါက တစ်ဧကလျှင် ငွေကျပ်သိန်းသုံးဆယ်မှ သိန်းငါးဆယ်အထိရရှိပြီး ဈေးကွက်ကောင်းခြင်း မကောင်းခြင်းပေါ်မူတည်ကာ အကျိုးအမြတ် အနည်းအများ ကွာခြားသွားတတ်သည်။ 

 

လက်ရှိကာလ ဂန္ဓမာပန်းဈေးကွက်ကောင်းမွန်ပြီး တစ်ပင်လျှင်အပွင့် ကိုးပွင့်မှဆယ်ပွင့် အထိပွင့်သည့် အပင်နှစ်ပင်စည်းတစ်စည်းလျှင် ငွေကျပ် ၅၀၀ မှ ၇၀၀ ကျပ် အထိပန်းအရည်အသွေးအလိုက် ရောင်းချလျက်ရှိပြီး ပန်းပေါခြင်း ရှားခြင်းပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျရှိကြောင်း သိရသည်။

 

တိမ်တမန်