ဟားခါး နိုဝင်ဘာ ၁၂

လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အောက်တိုဘာ ၂၄ ရက်တွင် ပြိုလဲပျက်စီးခဲ့သော ဂန့်ဂေါ −ဟားခါး မဟာဓာတ်အားလိုင်း တာဝါတိုင်ပြုပြင်ရာတွင် ပါဝင်ခဲ့သူများအား ဂုဏ်ပြုပွဲကို နိုဝင်ဘာ ၁၁ ရက်က ဟားခါးမြို့၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဂုဏ်ပြုပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်က “၆၆ ကေဗွီ ဂန့်ဂေါ ဓာတ်အားခွဲရုံမှ ချင်းပြည်နယ် ဟားခါးမြို့၊ ထန်လန်မြို့နှင့် ဖလမ်းမြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး အောက်တိုဘာ ၂၄ ရက်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဟားခါးမြို့မှ ၇ မိုင်ခန့် အကွာရှိ တာဝါတိုင်အမှတ်(၁၂၁) ပြိုလဲပျက်စီးခဲ့သဖြင့် ဓာတ်အားပြတ်တောက်ခဲ့ကြောင်း၊ ၄င်းပြိုလဲပျက်စီးနေသော တာဝါတိုင်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ စီမံကိန်းမန်နေဂျာနှင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၇ ဦး၊ ချင်းပြည်နယ် ခရိုင်၊မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ ဟားခါးမြို့ပေါ်ရှိ သိက္ခာတော်ရ ဆရာကြီးများနှင့် ရပ်မိရပ်ဖများက နိုဝင်ဘာ ၄ ရက်မှစတင် ပြုပြင်ခဲ့ပြီး နိုဝင်ဘာ ၉ ရက်တွင် လုပ်ငန်းပြီးစီးသဖြင့် နိုဝင်ဘာ ၉ ရက် ည ၆ နာရီ ၁၈ မိနစ်တွင် ဓာတ်အားပုံမှန်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ခက်ခဲ့သည့်ဒေသ၊ ခက်ခဲသည့်အချိန်ကာလမှာ ဒေသအကျိုးပြုလုပ်ငန်းဖြစ်သည့် ဓာတ်အား ပုံမှန်ပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်သူ အားလုံးကို အထူးပင်ကျေးဇူတင်ရှိပါကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်း” စသည်ဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဝင်းနှင့် ရပ်မိရပ်ဖ ဦးရမ်ကျုံးတို့က ဂုဏ်ပြုစကား ပြောကြားကြပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်က တာဝါတိုင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်အား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက ရပ်မိရပ်ဖ ဦးရမ်ကျုံးအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ထွန်းတောက်