ဂန့်ဂေါ ၁ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်း ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၂)အား ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်ထံမှ သိရသည်။

 

t1

 

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို ကျေးရွာမှ ထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ဆောင်ရွက်လိုသည့် ကျေးရွာများ၊ အကျိုးခံစားရမည့် အိမ်ထောင်စုများသည့် ကျေးရွာများ၊ ကျေးရွာနေပြည်သူလူထု၏ စိတ်အားထက်သန်မှု၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံရေး တည်ငြိပ်အေးချမ်းမှုရှိသည့် ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး(VDP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများသို့ စီမံကိန်းထောက်ပံ့ငွေကျပ် သိန်း ၁၀၀ စီပေးအပ်ပြီး ယင်းထောက်ပံ့ငွေနှင့် ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေတို့ဖြင့် ကျေးရွာနေပြည်သူများကိုယ်တိုင် စီမံချက်ရေးဆွဲပြီး ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လိုအပ်သည့်နည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

t3

 

ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ တစ်ရွာ၊ ၂၀၁၈ ခုနှစ် ၆ လ ဘတ်ဂျက်တွင် ကျေးရွာသုံးရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၁၂)ရွာ စုစုပေါင်းကျေးရွာ ၁၆ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဇော်မင်းဌေး