ဂန့်ဂေါ၊ ၅ ဇန်နဝါရီ
အော်တိုတယ်လီဖုန်း (ကြိုးဖုန်း)များ FIBER CABLE အင်တာနက် ဝိုင်ဖိုင်စနစ် တပ်ဆင် အသုံးပြုနိုင်ရေး FIBER THE HOME အစီအစဉ်လုပ်ငန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ဂန့်ဂေါမြို့ နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် တယ်လီဖုန်းတိုင်စိုက်ထူခြင်း၊ ကြိုးလိုင်းသွယ်တန်းခြင်း လုပ်ငန်းများပါဝင်၍ ကြိုးအရှည် မီတာနှစ်သောင်းကျော် သွယ်တန်းပြီးဖြစ်ကြောင်းနှင့် လက်ရှိတွင် အသုံးပြုနိုင်သည့် ဖုန်းတိုင်များကို အသုံးပြုသည့်အပြင် တိုင်သစ်စိုက်ထူခြင်းများလည်း ပါဝင်ကြောင်း အဆိုပါလုပ်ငန်းမှ သိရသည်။
“လုပ်ငန်းပြီးစီးသွားရင် ဗိုင်ဖိုင်စနစ်သုံး FIBER CABLE အင်တာနက်စနစ်စတင်မှာပါ၊ အကန့်အသတ်မဲ့သုံး ဒုံးပျံ အိမ်သုံး ဝိုင်ဖိုင် အင်တာနက်စနစ်ဖြစ်ပါတယ်၊ MPT ရဲ့ လက်ရှိနှုန်းထား များကတော့ 25 Mbps အတွက် လစဉ်ကြေး ငွေကျပ် ၃၉၀ဝ၀၊ 50 Mbps အတွက် လစဉ်ကြေး ငွေကျပ် ၆၉၀ဝ၀၊ 100 Mbps အတွက် လစဉ်ကြေး ငွေကျပ် ၁၀၉၀ဝ၀ အသီးသီးဖြစ်ပါတယ် ” ဟု ဂန့်ဂေါမြို့ အိတ်ချိန်းတာဝန်ခံ ဦးစံပိုင်က ပြောသည်။
တိုင်များစိုက်ထူခြင်း၊ ကြိုးသွယ်တန်းခြင်း စသည့် လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ပြီးစီးသွားပါက ဂန့်ဂေါမြို့မှ နေအိမ်များ၊ ရုံးများ၊ ကျောင်းများတွင်ရှိသော အော်တိုတယ်လီဖုန်းများသည် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်သုံးစွဲနိုင်ရေး တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း


