ဂန့်ဂေါ အောက်တိုဘာ ၁၅

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အဖွဲ့ဝင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အောက်တိုဘာ ၁၄ ရက်က ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နန်းစံစံထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့ဝင်များပူးပေါင်း၍ ပြည်သူများ ဝင်ထွက်သွားလာမှုများပြားသည့် မြို့မဈေးနှင့် ပြည်သူ့ဆေးရုံရှေ့ရှိ မြို့တွင်း လမ်းဆုံနေရာနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တို့တွင် လမ်းသွားလမ်းလာ မိဘပြည်သူများ၊ ခရီးသွားပြည်သူများ၊ အငှားယာဉ်မောင်းနှင်သူများအား  နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အပြင်မှပြန်ရောက်သည့်အခါတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အကြိမ်ရေပြည့်မီအောင် ထိုးနှံကြရန် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ထို့နောက် ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ပူးပေါင်းအဖွဲ့တို့သည် လမ်းသွားလမ်းလာပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက်  Mask အခုရေ(၁၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း(ယော)