ဂန့်ဂေါ ၃ ဖေဖော်ဝါရီ
စားသုံးသူများ ဘေးကင်းလုံခြုံရေးအတွက် အထောက်အကူဖြစ်စေရေး ဓာတုမြေဩဇာများကို လျှော့ချပြီး ကောင်းစွာဆွေးမြည့်နေသည့် သဘာဝမြေဩဇာများကို ပြုလုပ်သုံးစွဲကြရန် ပညာပေး စည်းရုံး ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၂ ရက်က ဂန့်ဂေါမြို့နယ် ကန်ကျေးရွာတွင်ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် “ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲ၏ အစီအစဉ်နဲ့ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများမှာ သဘာဝမြေဆွေးပုံများ တိုးချဲ့အသုံးပြုနိုင်ရေး စိုက်ပျိုးရေးဌာနဝန်ထမ်းများက ကွင်းဆင်းကာ ပညာပေးသရုပ်ပြပွဲများ ပြုလုပ်ဆွေးနွေးခြင်း ဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦး က ပြောသည်။
ပညာပေးဆွေးနွေးရာတွင် မီသိန်းဓါတ်ငွေ့ကဲ့သို့သော ဖန်လုံအိမ်ဓါတ်ငွေ့များ ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ရန်၊ မြေဆီလွှာ ပျက်စီးမှုများမှ ကာကွယ်ပြီး မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြေဩဇာအတွက် တောင်သူများ စိုက်ပျိုးစရိတ် ကုန်ကျမှုသက်သာ စေရန်၊ ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စားသုံးသူများ ဘေးကင်းလုံခြုံရေးတို့အတွက် အထောက်အကူ ဖြစ်စေရေး ဓါတုမြေဩဇာများကို လျှော့ချပြီး ကောင်းစွာဆွေးမြည့်နေသည့် သဘာဝမြေဩဇာများကို ပြုလုပ်သုံးစွဲကြရန် နှင့် လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုး၊ ပေါင်းမြက်၊ ဖွဲနု၊ ဖွဲကြမ်း စသည်တို့နှင့် နွားချေး၊ ကျွဲချေး၊ ကြက်ချေးတို့ကဲ့သို့သော တိရိစ္ဆာန် အညစ်အကြေးတို့ကို ဆွေးမြည့်အောင် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ ပညာပေးသရုပ်ပြပွဲနှင့် ဆွေးနွေးပွဲသို့ ဂန့်ဂေါခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်တင်မာဖြိုး၊ ဒုတိယဦးစီးမှူး ဦးအောင်ဇော်လင်း၊ ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်နှင့် ဝန်ထမ်းများက အကျိုးပြုအဏုဇီဝ EM နှင့် IMO တို့ဖြင့် သဘာဝမြေဆွေး ပြုလုပ်နည်းများကို ပြုလုပ်ပြသကြရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ဇော်မင်း နှင့် တောင်သူများ တက်ရောက်လေ့လာကြသည်။
တောင်သားမောင်သန်း


