ဂန့်ဂေါ ၁၅ ဇွန်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပိုဦးကျေးရွာတွင် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မိုးရာသီကာလ ရွာတွင်းရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းရေကျော်မှုများ မဖြစ်စေရေးအတွက် ရေနုတ်မြောင်းတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေနုတ်မြောင်း တူးဖော်ခြင်းနှင့်စပ်လျဉ်း၍ “မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ အကြံပေးမှုနဲ့ ဆောင်ရွက်တာပါ၊ မိုးရွာတာနဲ့ တောင်ကျရေတွေက ရေစီးအားကောင်းကောင်းနဲ့ ရွာထဲကို ဝင်လာတာပါ၊ ရေနုတ်မြောင်းတွေက ကျဉ်းတော့ အိမ်ထဲတွေကို ရေဝင်တော့ အဆင်မပြေပါဘူး၊ ကိုယ့်အား ကိုယ်ကိုးစနစ်နဲ့ တူးဖော်နေတာ အခုချိန်ထိ ငွေကျပ် ၂ သိန်းကျော်ကုန်သွားပါပြီ၊ ကျောက်ထိန်း နံရံပြုလုပ်နိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
အဆိုပါကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက်နေသည့် ကျေးရွာတွင်းလမ်းမကြီး ပေ (၄၀ဝx ၃x ၃) ရေနုတ်မြောင်းပြုလုပ်ခြင်း၊ လမ်းတစ်ဖက်ရှိ ရေနုတ်မြောင်း ပေ (၃၀ဝx ၂x ၂) တူးဖော်လျက်ရှိကာ အဆိုပါရေမြောင်းများမှ ရေများကို လယ်ယာမြေများသို့ ဆက်လက်သွယ်ယူနိုင်ရေး ရေသွယ်မြောင်းငယ်များ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


