ဂန့်ဂေါ  ၂  ဒီဇင်ဘာ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဂန့်ဂေါမြို့နယ် ရဲလှကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၆၄ သန်းဖြင့် လမ်းအရှည် ၂ မိုင်  ၄ ဖါလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေရှိလမ်းအဖြစ် ဖောက်လုပ်လျက်ရှိပြီး ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်း၊ ကျောက်စရစ် မြေနီခင်းခြင်းလုပ်ငန်း၊ BOX CULVERT တစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းများ ပါဝင်ကာ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးလျက်ရှိသည်။

 

ထို့ပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါခရိုင်အတွင်း ကျေးရွာ ၆ ရွာ၌ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်သွားမည်ဖြစ်ကာ အဆိုပါကျေးရွာများမှာ ဂန့်ဂေါမြို့နယ်မှ ရဲလှရွာ၊ စိုင်ဒူးရွာ၊ ဆောမြို့နယ်မှ ပြင်လယ်ရွာ၊ သလယ်ရွာ၊ ထီးလင်းမြို့နယ်မှ ထန်းပင်ကုန်းရွာ၊ သရခါရွာတို့ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်းတာခြင်းများ ဆောင်ရွက်ကြပြီးဖြစ်သည့်အပြင် တင်ဒါစနစ်ဖြင့် ဆောင်ရွက်ကြမည်ဖြစ်၍ စုစုပေါင်း ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၁၉၄ ဒသမ ၉ သန်းခွင့်ပြုထားကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

အဆိုပါ လုပ်ငန်းများပြီးစီးပါက လယ်ယာထွက်ကုန်များ လွယ်ကူစွာ သယ်ယူနိုင်မည်ဖြစ်ပြီး ဈေးကွက်သို့ လျင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်သန်းဆေွ