mdn

ဂန့်ဂေါ ၁၈ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာ မဟာသုနန္ဒာရုံကျောင်းတိုက်တွင် အောက်တိုဘာ ၃၁ ရက် သီတင်းကျွတ်လပြည့်နေ့ အသိပညာပေးကဗျာ (၂၄၀ ပုဒ်) ပါဝင်သည့် မီးမုံးကဗျာ(၈၀) ထွန်းညှိပူဇော်ပြသကာ ရွာသူရွာသားများကို အသိပညာပေးမည်ဖြစ်ကြောင်း ကဗျာဆရာဝရာ(ယော)ထံမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် ပွဲလမ်းသဘင်ကဲ့သို့ ကျင်းပမည်မဟုတ်ဘဲ  မြန်မာနိုင်ငံဒေသအသီးသီးမှ ပေးပို့ထားသော ကဗျာဆရာ၊ စာရေးဆရာများ၏ စိတ်ခွန်အားပေး အသိပညာပေး ကဗျာ(၂၄၀)ပါသော ကဗျာမီးပုံးများကို မဟာသုနန္ဒာရုံကျောင်းတိုက်တွင် ထွန်းညှိပူဇော်ပေးထားပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစီအမံများကို စနစ်တကျ လိုက်နာကာ လာရောက်ဖတ်ရှု ပူဇော်နိုင်ရန် စီစဉ်ထားမည်ဖြစ်သည်။ တောင်ခင်ရန်းရွာ နှစ်တစ်ရာပြည့်ပွဲမှ စတင်ကာ ကဗျာမီးပုံးပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အစဉ်အလာမပျက် အသိပညာပေး မီးပုံးကဗျာပြပွဲ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်ခင်ရန်းရွာမှာ တောင်မှမြောက်သို့ စီးဆင်းသည့် မြစ်သာမြစ်အနီးရှိ မြစ်နားရွာ ၁၂၈၁ ခုနှစ်တွင် ရေတိုက်စားသွားသည့်အတွက် ရွာသစ်တည်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ မူလရွာတည်စဉ်အခါက အိမ်ခြေနည်းသည့်အတွက် ရွာသူကြီး ဦးထွေးကျော်မှ မြစ်သာမြစ် အညာဆန်ကာ လုပ်ကိုင်စားသောက်သူများကိုပါ စည်းရုံးကာ အိမ်ခြေ (၃၀)ကျော်ဖြင့် ရွာတည်ခဲ့ခြင်းဖြစ်သည်။

 

ရွာတည်ထောင်ရန် နေရာရွေးချယ်ရာတွင် ခင်ရန်းချောင်းတောင်ဘက် အနောက်ရိုးမမှ ဆင်းသက်လာသော ကျယ်ပြန့်သည့် ခင်တန်းကုန်းမြင့်ပေါ်တွင် ဆင်ခုနစ်ကောင် အိပ်နေသော ဆင်အိပ်ကျင်းတွေ့ရှိသည့်နေရာကို ရွေးချယ်ခဲ့သည်။ ရိုးရာအစဉ်အလာအတိုင်း ရွာနာရီတိုင်ကို  ၁၂၈၁ ခုနှစ် နတ်တော်လဆန်း ()ရက် ()ဖဝါးအချိန်တွင် စိုက်ထူခဲ့သည်။ လက်ရှိကာလတွင် တောင်ခင်ရန်းရွာမှာ အိမ်ခြေတစ်ထောင်နီးပါးရှိပြီး တောင်ခင်ရန်းဆည်ကို အမီပြုကာ လယ်ယာစိုက်ပျိုးခြင်း၊ ချင်းတောင်တန်းများသို့ သွားရောက်ရောင်းဝယ် ဖောက်ကားခြင်း လုပ်ငန်းဖြင့် စည်ပင်ဖွံ့ဖြိုးလျက်ရှိသည်။ ပညာရေးအားပေးကာ ဘော်ဒါဆောင် ငါးခုနှင့်အတူ နိုင်ငံတော်အစိုးရ ပညာရေးဝန်ထမ်း (၆၂)ဦးအထိ ထွက်ပေါ်သော ပညာရေးစံပြရွာပင် ဖြစ်သည်။

 

တိမ်တမန်