ဂန့်ဂေါ  ၈  နိုဝင်ဘာ  

မကွေးတိုင်းဒေသကြီး၊  ဂန့်ဂေါမြို့နယ်အတွင်းရှိ  ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၁၁ ဒသမ ၂ သန်း အသုံးပြုကာ ကျေးရွာ ၅ ရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်း ၂ ခု၊ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်း ၁ ခု၊ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ၁ ခုနှင့်  လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်း ၁ ခုတို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

ရေရှိရေးအတွက် ဆောင်ရွက်ရာတွင်  ချောင်းဆုံကျေးရွာတွင် အရှည် ၂ မိုင်ရှိ စိမ့်စမ်းရေသွယ်ယူခြင်း၊ အလျား ၂၅ ပေ၊ အနံ ၃ ပေ၊ အမြင့် ၅ ပေရှိ ရေတားတမံတည်ဆောက်ခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ ဇီးပြားကျေးရွာတွင် အမြင့်တင်ရေပိုက် အရှည်ပေ ၁၀၀၀ သွယ်တန်းခြင်း၊ အင်ဂျင်နှင့် ပန့် တပ်ဆင်ခြင်း၊ အရှည် ၂ မိုင်ရှိ စိမ့်စမ်းရေသွယ်ယူခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ ကုက္ကားကျေးရွာတွင် အနက်ပေ ၄၀၀ ရှိ လေးလက်မစက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ဟံသာ၀တီကျေးရွာတွင် မြေသားရေကန်တိုးချဲ့တူးဖော်ခြင်း၊ အညာတောကျေးရွာတွင် အကျယ် ခြောက်ပေ၊ အနက် ၃၀ ပေရှိ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါလုပ်ငန်းများဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း  ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်မြသက်ထွေး က ပြောပြ၍ သိရသည်။

 

"ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ဦးစားပေးဆောင်ရွက်နေ ပါတယ်။  နွေရာသီကာလတွင် သောက်သုံးရေ  ရှားပါးတဲ့ အခက်အခဲများမရှိစေရေး အတွက်လည်း လုပ်ငန်းစီမံချက်များလည်း ကြိုတင်ရေးဆွဲ လျက်ရှိပါတယ်။ ယခုဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မည့် ရေရရှိရေးလုပ်ငန်းများ ပြီးစီးပါက အဲ့ဒီကျေးရွာ ၅ ရွာက အိမ်ခြေ ၂၀၄၄ အိမ်၊ လူဦးရေ ၉၈၅၇ ဦးနှင့် ကျွဲနွားတိရစ္ဆာန်များ အတွက်ပါ အကျိုးပြုလာမည် "ဟု မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ထွေး က ဆက်လက်ပြောပြသည်။

သူရိန်(မင်းဘူး)