ဂန့်ဂေါ ဒီဇင်ဘာ ၈

 

ဂန့်ဂေါမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က 5.5 HP မော်တာ ရေစုပ်စက်ဖြင့် မြစ်သာမြစ်အတွင်းမှ မြစ်ရေအား ရေစုပ်ယူပြီး ဂါလန် ၄၀၀၀၀ ဆံ့ ရေစုကန် ၂ ကန်တွင် ယာယီသိုလှောင်၍ ၎င်းမှတစ်ဆင့် မြင်းကောင်ရေ ၂၅ ကောင်အား မော်တာရေစုပ်စက်ဖြင့် ဂါလန် ၄၆၀၀ ဆံ့ အမြင့်တင် ရေသိုလှောင်ကန်သို့ ရေတင်ကာ မြို့ပေါ်ရပ်ကွက်များသို့ ရေပိုက်လိုင်းသွယ်တန်းပြီး ရေတိုင် ၂၅၂ တိုင်ဖြင့် နေ့စဉ်အလှည့်ကျ မြို့ရေပေးဝေရေးလုပ်ငန်းကို ဆောင်ရွက်ထားသည်။ 

 

ထို့ပြင် ဂန့်ဂေါမြို့ မြစ်သာခန်းမအနီးတွင် မြို့ရေပေးဝေရေးအတွက် ၄ လက်မ စက်ရေတွင်း တူးဖော်ထားပြီး ဂါလန် ၂၀၀၀၀ ဆံ့ မြေအောက် ရေသိုလှောင်ကန်များမှတစ်ဆင့် ဂါလန် ၄၆၀၀ ဆံ့ အမြင့်တင် ရေစင်ပေါ်သို့ရေတင်ကာ တိုးချဲ့ မြို့ရေပေးဝေရေးလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါမြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးတို့နှင့်အတူ ဒီဇင်ဘာ ၇ ရက်က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထို့ပြင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးဝင်းအတွင်းရှိ စက်/ယာဉ်ယန္တရားများ ထိန်းသိမ်းထားရှိမှု အခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

မောင်ဆွေကျော်