ဂန့်ဂေါ ၃၀ ဒီဇင်ဘာ
ဂန့်ဂေါမြို့နယ်တွင် ဆီထွက်သီးနှံနေကြာကို ပြီးခဲ့သည့် ၁၅ နှစ်ကျော်ကာလမှ စတင်စမ်းသပ် စိုက်ပျိုးခဲ့ပြီး ယခုအခါမိုးရာသီနှင့် ဆောင်းရာသီတို့တွင် နေကြာသီးသန့်၊ သီးထပ်၊ သီးညှပ်စနစ်တို့ဖြင့် နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။
"ကျွန်တော် နေကြာစိုက်ပျိုးလာတာ ၁၀ နှစ်ကျော်ပါပြီ၊ အရင်က ဆောင်းသီးနှံအဖြစ် ထောပတ်ပဲကို စိုက်ပျိုးခဲ့ပါတယ်၊ အခုတော့ ပဲထောပတ်ခင်းမှာ နေကြာညှပ်စိုက်တယ်၊ နေကြာမျိုးအနေနဲ့တော့ ဆန်ဖိုလာမျိုးကို စိုက်ပါတယ်၊ ယာမြေမှာ ထောပတ်ပဲနဲ့ သီးညှပ်စိုက်ထားတာပါ။ နေကြာသီးသန့်ကို လယ်မြေမှာ မိုးစပါးအပြီး သီးထပ်အဖြစ်လည်း စိုက်ပျိုးကြပါတယ်"ဟု နေကြာစိုက်ပျိုးသည့် တောင်သူ ဦးမောင်ငယ်က ပြောသည်။
ထိုသို့ သီးညှပ်စိုက်ပျိုးရာတွင် ထောပတ်ပဲ ၄ တန်း၊ နေကြာတစ်တန်းစနစ်ဖြင့် စိုက်ပျိုးရာတွင် ပဲအထွက် လျော့ကျခြင်းမရှိဘဲ နေကြာလည်း စိုက်ပျိုးရရှိကြသဖြင့် ဘာပဲစိုက်စိုက် နေကြာညှပ်စိုက် ဆောင်ပုဒ်မှာ အဆိုပါဒေသတွင် ကျယ်ရေပန်းစားလျက်ရှိသည်။
ဂန့်ဂေါမြို့နယ်၌ ဆောင်းနေကြာစိုက်ပျိုးရာတွင် ၂၀၁၈ ခုနှစ်က ၄၀၂၅ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၄၄၈၄ ဧကထိ တိုးချဲ့စိုက်ပျိုးလာပြီး ဆန်ဖိုလာ နေကြာမျိုးအပြင် ရေဆင်းစပ်မျိုး(၁) နေကြာမျိုးကိုလည်း ၂၂၆ ဧက ပါဝင်စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းအရ သိရသည်။

စပ်မျိုးနေကြာ တစ်ဧကစိုက်လျှင် ငွေကျပ် နှစ်သိန်းကျော်သာ ကုန်ကျပြီး တစ်ဧက တင်း ၅၀ ကျော် ထွက်ရှိကြောင်း၊ နေကြာတစ်တင်းမှာ ဆီ လေးပိဿာခွဲခန့်ထွက်ရှိပြီး နေကြာဆီ တစ်ပိသာ ကျပ် ၄၀ဝ၀ ပေါက်ဈေးရှိကြောင်း သိရသည်။
တောင်သားမောင်သန်း