ဂန့်ဂေါ အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုး၊ အဘွားများအား ယနေ့ နံနက် ၉ နာရီက လူမှုရေးပင်စင်ကို ဘိုးဘွားများ၏နေအိမ်သို့သွား၍ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် အဘိုးအဘွားတစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၇)အုပ်စုမှ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွား (၆၇၀)ဦးတို့အတွက် ငွေကျပ်(၂၀၁၀၀၀၀၀/-)အား  ထောက်ပံ့ ပေးအပ်ခဲ့သည်။

အဆိုပါ လူမှုရေးပင်စင်များအား ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်လဲ့ရည်လှိုင်နှင့် ဝန်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်အတွင်း ကျေးရွာများရှိ အဘိုးအဘွားများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)