ဂန့်ဂေါ ဧပြီ ၂၃
ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းယာဉ်ဖြင့် ရပ်ကွက်နေပြည်သူများ၏ မီးဖိုချောင် အမှိုက်များကို ပုံမှန်သိမ်းဆည်းလျက်ရှိရာ အမှိုက်သိမ်းယာဉ်ရောက်ရှိကြောင်း သိရှိနိုင်ရန် အချက်ပေး ခေါင်းလောင်းသံအစား အသံချဲ့စက်တပ်ဆင်အသုံးပြုလာသည့်အတွက် ပြည်သူများလွယ်ကူစွာ သိရှိနိုင်ကြသည့်အပြင် ယခုကာလ၌ ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပေးချက်များ ကိုလည်း ထည့်သွင်းကြေညာ ပေးလျက်ရှိသည်။
“မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ လေယာဉ်ကွင်းဟောင်းမှာ ယာယီဖွင့်လှစ်ရောင်းချနေတဲ့ ပျံကျဈေးမှာလဲ ပြီးခဲ့တဲ့ ၃ ရက်ကာလကစပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဈေးဝယ်၊ ဈေးသည် အားလုံး နှာခေါင်းစည်းတပ်ဆင်ကြဖို့ ၊ လက်ကို ရေနဲ့ ဆပ်ပြာနဲ့ စနစ်တကျ စင်ကြယ်စွာ ဆေးကြောကြဖို့ အပါအဝင် အသိပညာပေးချက်များကို နေ့စဉ်ကြေညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဉာဏ်ဦးက ပြောသည်။
အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းရရှိသည့် မီးဖိုချောင်အမှိုက်များကို ဂန့်ဂေါမြို့နှင့် ၁ မိုင်ကျော်အကွာ အဝေးရှိ အမှိုက်ကျင်းသို့ စွန့်ပစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း


