ဂန့်ဂေါ ၅ ဇွန်
ဂန့်ဂေါမြို့နယ်အတွင်း ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာနှင့် စမ်းသပ်ကွက်၊ စံပြကွက်၊ မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်သော အကျိုးဆောင် တောင်သူများသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ရေးပစ္စည်းများကို ဇွန် ၅ ရက် နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးဌာနတွင် ပြုလုပ်သည်။
စိုက်ပျိုးရေးပစ္စည်းများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ “ ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များတွင် မျိုးကောင်းမျိုးသန့်များ ပိုမိုရောက်ရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်၊ ပြီးတော့ ဂျီအေပီ စနစ်နဲ့ အထွက်တိုးစိုက်ပျိုးရေးကိုလည်း အလေးထားဆောင်ရွက်နေပါတယ်” ဟု ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့် က ပြောကြားသည်။
ပေးအပ်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းတို့က အမှာစကားပြောကြားကြပြီး ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်က လုပ်ငန်းဆောင်ရွက်ချက် များနှင့့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများက အကျိုးဆောင် တောင်သူများထံ ထောက်ပံ့ရေးပစ္စည်းများကို တောင်သူများကိုယ်စား တောင်သူ ၅ ဦးတို့ထံ ထောက်ပံ့ပေးအပ်ကြရာ မြောက်ခင်ရန်းကျေးရွာမှ တောင်သူ ဦးဝင်းကြိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထောက်ပံ့ရာတွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ် ဆောင်ရွက်သော နှမ်းခါးကျေးရွာမှ တောင်သူများ၊ မိုးနှမ်းနှင့် မိုးစပါး စံပြကွက်၊ စမ်းသပ်ကွက် ဆောင်ရွက်သော တောင်သူများ၊ မျိုးစေ့ထုတ်စံပြကွက် ဆောင်ရွက်သော တောင်သူများ၊ စုစုပေါင်း ကျေးရွာအုပ်စု (၁၂) ခုမှ တောင်သူ ၁၃၃ ဦးထံသို့ ဆင်းသုခ၊ မနောသုခ၊ ဧရာမင်း၊ ရတနာတိုးစပါးမျိုးများ မျိုးသန့်မျိုးပွားမျိုးစေ့ စုစုပေါင်း ၁၁၇ တင်း၊ စမုံနက်၊ ဆင်းရတနာ(၃)၊ မကွေးနက် (၁/၁၃) စသည့် နှမ်းမျိုး စုစုပေါင်း ၈ ဒသမ ၂၅ တင်း၊ မကွေး (၁၆) မြေပဲမျိုး ၆ တင်း၊ ကွန်ပေါင်းဓါတ်မြေဩဇာအိတ် ၁၆ အိတ်၊ သစ်စိမ်းမြေဩဇာ အဖြစ် အသုံးပြုရန် ပဲတီစိမ်းမျိုးစေ့ ၁၇ ဒသမ ၅ တင်းအပါအဝင် ထရိုင်ကိုဒါးမား အကျိုးပြုအဏုဇီဝ မှိုမျိုးထုပ်များ၊ ပိုးသတ်ဆေးများ ဖြစ်ကြောင်း သိရသည်။
၁၄၄


