ဂန့်ဂေါ  ၁၄  အောက်တိုဘာ

 

(NEP) အစီအစဉ်အရ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် ဂန့်ဂေါမြို့နယ် ကျေးရွာများတွင် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ကျေးရွာ ၁၃ ရွာတွင် လျှပ်စစ်မီးရရှိသုံးစွဲနေကြပြီဖြစ်ကြောင်းနှင့် ကျန်ကျေးရွာများသို့လည်း လျှပ်စစ်ဓာတ်အား ရောက်ရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာ ပြီးခဲ့သည့် ၂ လခန့်က တော်ဝင်၊ တောင်ခင်ရန်း၊ တိုက်တသန်း၊ ရွှေဘို၊ သင်တော၊ မြောက်ခင်ရန်း၊ ကုက္ကား၊ ဟံသာဝတီ ကျေးရွာများတွင် လျပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားများ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးထောင်းဇိုခိုင် တို့နှင့်အဖွဲ့ တက်ရောက်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

 

ထို့ပြင် “ ဂန့်ဂေါမြို့နယ်အတွင်း ကျွဲနန်း၊ တောင်လယ်၊ သာကောင်း၊ တောင်ပြင်၊ အောင်မြင် ကျေးရွာ များတွင်လည်း (NEP) အစီအစဉ်အရ ပြီးခဲ့တဲ့ရက်တစ်ပတ်အတွင်းက လျှပ်စစ်မီး ရရှိနေပြီ ဖြစ်ပါတယ်၊ ဂန့်ဂေါမြို့နယ်အနေနဲ့ လေးနှစ်အတွင်းမှာ ကျေးရွာပေါင်း ၆၆ ရွာ လျှပ်စစ်ဓာတ်အား ရောက်ရှိ သုံးစွဲနေကြပြီ ဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၏ ပြောပြချက်အရ သိရသည်။ 

 

တောင်သားမောင်သန်း