ဂန့်ဂေါ၊   ၂၅  ဒီဇင်ဘာ

 

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ရှိ ပါရမီရှင် နာရေးကူညီမှုအသင်းမှ လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်ဘူးများကို လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 

 

ထိုသို့ လှူဒါန်းရာတွင် ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံအတွက်သာမက ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း၊ လက်ပန်၊ မင်းရွာ၊ ဟံသာဝတီ ကျေးရွာဆေးရုံများရှိ လူနာများအတွက်ပါ လိုအပ်သလို ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။

 

 

“လူနာတွေအတွက်လိုအပ်တဲ့ အောက်ဆီဂျင်ဘူးတွေကို ပုံမှန်ထောက်ပံ့နိုင်အောင် အမြဲတမ်း အားထည့်ဆောင်ရွက်ပေးနေပါတယ်၊ ကိုဗစ်ကာလမှာ အသွားအလာ ကန့်သတ်ချက်တွေရှိလာတော့ အခက်ကြုံပါတယ်၊ အရင်က မန္တလေးစက်မှုဇုန်မှာ အောက်ဆီဂျင်ဖြည့်ပါတယ်။ အခုကာလမှာ မန္တလေးကိုသွားဖို့ အခက်အခဲဖြစ်လာတော့ မုံရွာမြို့ ဆေးရုံကြီးရှေ့ မိဘဂုဏ်အောက်ဆီဂျင်ဖြည့်လုပ်ငန်းမှာ ဦးစားပေးဖြည့်ပေးဖို့ အကူအညီတောင်းပြီး ဖြည့်ရပါတယ်၊ ဒီဇင်ဘာ ၂၄ ရက်ကစပြီး ဂန့်ဂေါမြို့နယ်အတွက် အဆင်ပြေသွားပါပြီ” ဟု အသင်းဥက္ကဋ္ဌ ဦးတင်သောင်းက ပြောသည်။

 

 

ပါရမီရှင် နာရေးကူညီမှုအသင်းတွင် အောက်ဆီဂျင်ဘူးကြီး အလုံး ၆၀ ၊ ဘူးသေး အလုံး ၁၀၀ တို့ဖြင့်လည်း လည်ပတ်လျက်ရှိကြောင်း၊ ရဟန်းသံဃာ၊ သီလရှင်၊ ငွေကြေးအခက်အခဲရှိသူများအတွက် အခမဲ့လှူဒါန်းပေးလျက်ရှိပြီး ဆေးရုံများတွင် လိုအပ်လျက်ရှိသည့် သွေးသွင်းလူနာများအတွက် အသင်းဝင်များမှ သွေးလှူပေးလျက်ရှိကာ အသင်းနှင့်ဆက်သွယ်လိုပါက ဖုန်း ၀၉၄၀၀၃၀၂၄၈၇ သို့ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)

mdn