ဂန့်ဂေါ စက်တင်ဘာ ၂၂

           

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်စီဂျင်အရေးပေါ် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန် ဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသော အောက်စီဂျင်စက်ရုံအတွက် မြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာများ၊ ဒေသခံပြည်သူများ၊ မြို့မိ၊ မြို့ဖများနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းထားသည့်  အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက စက်ရုံသို့ရောက်ရှိပြီ ဖြစ်သည်။

           

အဆိုပါရောက်ရှိလာသည့် အောက်စီဂျင်စက်မှာ ဒေသခံပြည်သူများနှင့် စေတနာရှင်များ စုပေါင်း လှူဒါန်းထားသည့် အောက်စီဂျင်စက်ဖြစ်ကြောင်း၊ အဆိုပါစက်မှာ ၂၄ နာရီတွင် အောက်စီဂျင် ၄၀ လီတာ အလုံး ၈၀ ခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါစက်တပ်ဆင်ရန် YEE SHIN CO.,LTDက ကျွမ်းကျင်ပညာရှင်များ စက်တင်ဘာ ၂၄ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ စက်ရုံအတွက် လျှပ်စစ်ပိုင်း 315 KVA ထရန်စဖော်မာကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းထားသည့်စက်မှာ လည်ပတ်နေပြီး ၂၄ နာရီတွင် အောက်စီဂျင် ၄၀ လီတာ အလုံး၁၂၀ ထွက်ရှိနေပြီဖြစ်ကြောင်း အောက်စီဂျင်စက်ရုံဆောက်လုပ်ရေးကော်မတီ အတွင်းရေးမှူး၏ ပြောပြချက်အရ သိရသည်။

           

အဆိုပါအောက်စီဂျင်စက်ကြီးမှာ တရုတ်နိုင်ငံထုတ် (OY - 150) Oxygen Plant အမျိုးအစား ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်းတွင် အောက်စီဂျင်များ စတင်ထုတ်လုပ်လည်ပတ်နိုင်ရေးအတွက် ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ သွားရောက် ကြည့်ရှုကာ လိုအပ်သည်များဆောင်ရွက်နေကြောင်း၊ စက်လည်ပတ်နိုင်ပါက ၂၄ နာရီတွင် အောက်စီဂျင် ၄၀ လီတာ ၈၀ လုံးခန့် ထုတ်လုပ်နိုင်မည်ဖြစ်၍ ဂန့်ဂေါမြို့နယ်အတွက်သာမက၊ ထီးလင်း၊ ဆော၊ ကျောက်ထုမြို့နယ်အတွင်းရှိ ပြည်သူများ၏ အောက်စီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)