ဂန့်ဂေါ ၁ ဒီဇင်ဘာ 

ဂန့်ဂေါခရိုင်အတွင်း စိုက်ပျိုးထားသော ဆောင်းရာသီ ကုလားပဲသီးနှံ စိုက်ခင်းများတွင် မြစ်ခြောက်ဆွေး ရောဂါအပါအဝင် မှိုရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ရန် ထရိုင်ကိုဒါးမား အကျိုးပြုအဏုဇီဝမှိုကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ag5

 

အကျိုးပြုအဏုဇီဝမှို ထရိုင်ကိုဒါးမားကို နွားချေး၊ ဖွဲနုတို့နှင့် ရောစပ်ပွားများခြင်းလုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ လာပို့ကျေးရွာ အထက(ခွဲ)တွင် ပြုလုပ်ခဲ့ပြီး ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်က စားသုံးသူ ဘေးကင်းလုံခြုံစေရေးအတွက် ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို လျှော့ချသုံးစွဲကာ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများဖြင့် ကာကွယ်နှိမ်နင်းရေး ရှင်းလင်းပြောကြားသည်။

 

ag3

 

ထို့နောက် လာပို့ကျေးရွာနှင့် နှမ်းခါးကျေးရွာတို့မှ တောင်သူ ၂၀ ဦးက စိုက်ပျိုးထားသည့် ကုလားပဲ စိုက်ခင်း ၃၀ ဧကတွင် မှိုရောဂါများကို ကာကွယ်နှိမ်နင်းနိုင်ရန် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ်က ထရိုင်ကိုဒါးမားမှိုထုပ်များကို ပေးအပ်ပြီး ထရိုင်ကိုဒါးမားမှို အသုံးပြုနည်းများကို ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်နှင့် ဝန်ထမ်းများက ထရိုင်ကိုဒါးမားမှို ပွားများခြင်းကို လက်တွေ့ပြုလုပ်ပြသကြသည်။ 

 

ag4

 

ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းများတွင် ပိုးမွှားရောဂါ ကျရောက်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပိုးမွှားရောဂါကျရောက်မှုကို မျက်ခြေမပြတ် စောင့်ကြည့်၍ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများဖြင့် အချိန်မီ ကာကွယ်နှိမ်နင်းကြရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်သန်းဆွေ