ဂန့်ဂေါ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အ.လ.က(မြောက်ကုန်း)ကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းသား/သူများ သိရှိနားလည်စေရန်အတွက် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးမျိုးညွန့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ကျောင်းသား/သူများအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အချက်များကို သိရှိနားလည်စေရန် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများအား ကျောင်းသား/သူများ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းနှင်းခိုင် က လူကုန်ကူးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သတ်မှတ်ကြကြောင်း၊ လူကုန်ကူးမှုဆိုတဲ့ အဓိပ္ပာယ်ကို အကြမ်းဖျင်းရှင်းလင်း ချက်ကတော့ မိမိအကျိုးစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယလုပ်အားကို လူသား အချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ရယူခြင်းနှင့် လူကုန်ကူးခံရသော အလုပ်သမားများအား အတင်းအကျပ်ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်း စသည့် အကြောင်းအရာများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရမည့်အချက်များကို ဟောပြောခဲ့ သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)