mdn

ဂန့်ဂေါ ၂၆ ဇန်နဝါရီ

 

ဂန့်ဂေါမြို့နယ်၌ မိုးသီးနှံအပြီးတွင် သီးထပ်စိုက်သည့် ဆောင်းသီးနှံ ဂေါ်ဖီထုပ်၊ ပန်းမုံလာများ လှိုင်လှိုင်ပေါ်ပြီဖြစ်၍ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနေပြီဖြစ်ကြောင်း သိရသည်။

 

ဂေါ်ဖီထုပ်၊ ပန်းမုံလာတွေ ဂန့်ဂေါမှာ လှိုင်လှိုင်မပေါ်ခင် မုံရွာ၊ ပခုက္ကူ ဘက်က ဝင်လာတယ်လေ၊ သယ်ယူစရိတ်ပါဆိုတော့ ဂေါ်ဖီတစ်ထုပ်ကို ၈၀၀ ကျပ်ဝန်းကျင်၊ ပန်းမုံလာ တစ်ပွင့် ကို ၁၀၀၀ ကျပ်ဝန်းကျင်အထိ ဝယ်ယူရပါတယ်၊ အခုတော့ ဂန့်ဂေါမှာ လှိုင်လှိုင်ပေါ်ပြီဆိုတော့ ဂေါ်ဖီထုပ် အရွယ်အစားလိုက် ၁၀၀၊ ၂၀၀၊ ၃၀၀ ကျပ်လောက်နဲ့ ဝယ်လို့ရနေပြီ၊ ပန်းမုံလာပွင့်က ၂၀၀ ၃၀၀ ၄၀၀ ကျပ် ဝယ်ရတယ်၊ ပန်းမုံလာက နည်းနည်း ဈေးပိုရှိတယ်ဟု ဂန့်ဂေါမြို့ စည်ပင်သာယာ မြို့မဈေးတွင် ဈေးဝယ်တစ်ဦးက ပြော၍ ဆောင်းသီးနှံစိုက်ခင်းများမှာ မိုးသီးနှံ အပြီးတွင်မှ မြေပြင် ရေသွင်းစိုက်ပျိုးကြသည်ဖြစ်ရာ သီးနှံထွက်ပေါ်ချိန် အနည်းငယ်နောက်ကျကြောင်း စိုက်ပျိုးသူတစ်ဦးက ပြောသည်။

 

ဂန့်ဂေါမြို့နယ်၌ မိုးသီးနှံအပြီးတွင် ကုလားပဲ၊ နေကြာ၊ ခရမ်းချဉ်၊ မေမြို့ပန်း၊ ဂန္ဓမာပန်း၊ ငရုတ်၊ ကြက်သွန် စသည်များကို လာပို့၊ ဇာဟော၊ စိုင်ဒူး၊ ကန်၊ သာလင်း၊ မင်းရွာကျေးရွာ တို့တွင် စိုက်ပျိုးမှုများရှိ၍ မြို့နယ်စိုက်ပျိုးရေးဌာနမှ ဖျက်ပိုးနှိမ်နင်းရေး၊ ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲရေးတို့ကို စိုက်ခင်းများအရောက် ကွင်းဆင်းကာ ဆွေးနွေးပညာပေးမှုများ ဆောင်ရွက် ကြောင်း သိရသည်။

 

(၁၄၄)