ဂန့်ဂေါ  ၃၁  ဇူလိုင်

ဂန့်ဂေါမြို့နယ်တွင် ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးနိုင်သည့် အိမ်ခြံစိုက်ခင်း Home Gardening များကို စိုက်ပျိုးထားကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းလျက် စိုက်ပျိုးပြုစု ထိန်းသိမ်းနည်းများကို ပညာပေးဆွေးနွေးလျက်ရှိသည်။

 

ထိုသို့ ပညာပေးဆွေးနွေးသည့်အပြင် အိမ်ခြံဝင်းအတွင်း မြေပိုရှိသူများအနေဖြင့် ဟင်းသီးဟင်းရွက် များကို ကိုယ်တိုင်စိုက်ပျိုး စားသုံးနိုင်ရန်နှင့် နီးစပ်ရာ အချင်းချင်း မျှဝေစားသုံးနိုင်ရန် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဟင်းသီးဟင်းရွက်မျိုးစေ့အထုပ် ၁၅၀ ကို အခမဲ့ ထောက်ပံ့ပေးထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏  ပြောပြချက်အရ သိရသည်။

 

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်နှင့် ဝန်ထမ်းများသည် ဇူလိုင်လ ၂၉၊ ၃၀  ရက်များက ချောင်းနက်၊ ဖက်ဝန်း၊ မင်းရွာကျေးရွာ တောင်သူ များ၏ အိမ်ခြံဝင်းအတွင်း စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုကာ ဟင်းသီးဟင်းရွက် စိုက်ပျိုးပြုစု ထိန်းသိမ်းနည်းများကို သက်ဆိုင်ရာ တောင်သူများနှင့် တွေ့ဆုံ၍ မိမိတို့အိမ်၊ ခြံဝင်းများမှ ကိုယ်တိုင်စိုက်ပျိုးနိုင်၍ အာဟာရပြည့်ဝသည့် ခြံထွက်ဟင်းသီးဟင်းရွက်များ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သန်းဆွေ