၁၈ ဖေဖော်ဝါရီ
ယခုရက်ပိုင်းအတွင်း ကျွန်ုပ်၏ သတင်းကွန်ချာအတွင်းသို့ ရုတ်ခြည်းတစ်သွန်တည်း ကျလာသော သတင်းများကိုပိုင်းခြားစိတ်ဖြာကြည့်မိသောအခါ ကျွန်ုပ်တို့၏ အိမ်နီးချင်းအိနီးချင်း အိန္ဒိယနိုင်ငံကြီး၏ စီးပွားရေးတည်ဆောက်မှု ပုံရိပ်လွှာများကို ထူးထူးခြားခြား ဦးဦးဖျားဖျား သတိမူပါသဖြင့် မုဒိတာပွားဖွယ်ရာဖြစ်သော “သတင်း ကောင်းများ”ကို တင်ဆက်ရန် သတင်းပုံအကြား ကျွန်ုပ်တူးဆွလေ့လာမိလေ၏။
ဦးစွာပထမ ကျွန်ုပ်အတွက် “သုမင်္ဂလ” ဖြစ်ရသော သတင်းတစ်ပုဒ်သည်ကား အိန္ဒိယနိုင်ငံ၌ ဘဏ္ဍာရေး အချက်အချာ မြို့သစ်ကြီးတစ်မြို့ ငွားငွားစွင့်စွင့်ကြွားကြွားဝင့်ဝင့် ပေါ်ထွန်းလာတော့မည်ဆိုသော သတင်း ဖြစ်ချေ၏။ ထုတိဩဘာမင်္ဂလာအပေါင်းနှင့် ပြည့်စုံသောသတင်းလည်းဖြစ်၏။ စီးပွားရေးတည်ဆောက်လက်စ ကမ္ဘာ့နိုင်ငံများအားလုံးအတွက်လည်းထူးခြားမှု ဝိသေသလက္ခဏာကို ပြသနိုင်၏။
အိန္ဒိယနိုင်ငံ၏ “အနောက်ဂေါယာကျွန်း”သဖွယ်တည်ရှိနေသော၊ ကီလိုမီတာ ၁၆၀ဝ (ဝါ) မိုင် ၉၉၀ တမျှ ပင်လယ်ကမ်းရိုးတန်းအရှည်အလျားရှိသော “ဂူဂျာရတ်” ပြည်နယ်၌ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှု (ဝါ) ငွေကြေးအရင်းအမြစ် စီမံခန့်ခွဲမှုအချက်အချာပြုမြို့တစ်မြို့ကို အိန္ဒိယအစိုးရက စတင်ထူထောင်လိုက်လေပြီ။
စင်ကာပူ၊ ဟောင်ကောင် အစရှိသည့် နိုင်ငံတကာ ဘဏ္ဍာရေးအချက်အချာမြို့ကြီးများကို အန်တုဖက်ပြိုင်မည့် ယင်းမြို့သည် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော “အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးဗဟိုချက်” အဖြစ်မားမားမတ်မတ် ရပ်တည်ရန် ကြိုးပမ်းလျက်ရှိနေပုံကိုကျွန်ုပ် အဝေးမှ အကဲခတ်မိ၏။
ချပ်ချပ်ရပ်ရပ် သပ်သပ်ရပ်ရပ် ကမ္ဘာ့အလယ်တင့်တယ် ဝင့်ထည်လာရန် တာစူနေသောထိုမြို့သည်ကား ဂူဂျာရတ် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး-နည်းပညာ မြို့ကြီး (ဝါ) Gujarat International Finance-Tec City ဟူ၍ ကမ္ဘာသို့ ကြေညာထား၏။ အသစ်ကျပ်ကျပ်ချွတ် ပေါ်ထွန်းလာမည့် မြို့ကြီးကို GIFT City ဟုတိုတိုတုတ်တုတ် ဝိုင်းကြီးချုပ် ခေါ်သော်ရ၏။
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဒွန်တွဲလျက် ထွေလီကာလီမြို့သစ်များ တိုးပွားလာချိန်တွင် အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအတွက် ဝန်ကြီးချုပ် နရိန္ဒြာမိုဒီအစိုးရအဖွဲ့၏ “လက်ဆောင်မွန်” (ဝါ) GIFT အဖြစ် ယင်းမြို့သစ်ကြီး ပေါ်ထွန်းလာသည်ဟု နှိုင်းဖွဲ့သီကုံးပြောဆိုလျက်ရှိကြ လေသည်။
ပေါ်ဦးပေါ်ဖျား “အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးမြို့ကြီး”သည်ကား စင်ကာပူနှင့် ဟောင်ကောင်တို့ကိုဒေသ ဆိုင်ရာဘဏ္ဍာရေးဈေးကွက်တွင် တုဖက်ပြိုင်လုပ်ကိုင်ရန် လျှပ်လျှပ်ဖျတ်ဖျတ် နိုးနိုးထထရှိနေချေပြီ။
GIFT မြို့သည် အိန္ဒိယနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ(ဝါ) ကမ္ဘာနှင့်ချီသော (ဝါ) နိုင်ငံတကာမှဘဏ္ဍာရေး ဟဲဗီးဝိတ်များဖြစ်သော ဘဏ္ဍာရေးနည်းပညာ ကုမ္ပဏီကြီးများလာရောက် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်လာမည့် မြို့တစ်မြို့ဟု ညွှန်းဆိုနိုင်သကဲ့သို့ နည်းပညာဖြင့် လူနေမှုဘဝ မြင့်မားရေးကိုဦးတည်သော “စမတ်မြို့ကြီး” (ဝါ) SMART City ဟုလည်း ညွှန်းဆိုနိုင်လေသည်။
အိန္ဒိယနိုင်ငံ၌ ရာနှင့်ချီအရေအတွက်ရှိ စမတ်မြို့ကြီးများပေါ်ထွန်းလာစေအံ့ဟူ၍ ကြုံးဝါးထားသော ဝန်ကြီးချုပ် နရိန္ဒြာမိုဒီ၏ အစိုးရအဖွဲ့ကပထမဆုံးသော စမတ်မြို့ကြီးတစ်မြို့ကို ထူထောင်ပေးလိုက်ခြင်းအဖြစ်ကျွန်ုပ် လေ့လာသိရှိရသော် စီးပွားရေးအရပုံဖော်ထုဆစ်မှု လက်ရာသစ်ပါတကားဟူ၍ လှိုက်လှဲပျူငှာစွာ ကျွန်ုပ်ထောမနာပြုလို၏။
စာသင်ကျောင်းများ၊ စာကြည့်တိုက်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များ၊ ဆေးရုံများ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ တရားဥပဒေစိုးမိုးရေးဌာနများ၊ ရပ်ရွာအခြေပြု ဝန်ဆောင်မှုဌာနများကဲ့သို့သော မြို့ပြဆိုင်ရာဌာန္တရများ၊ အဆောက်အအုံများအား စီမံခန့်ခွဲရာတွင် နည်းပညာ အသုံးပြုဆောင်ရွက်သော မြို့ကြီးကို “စမတ်စီးတီး”ဟူ၍ ခေါ်ဝေါ်ကြသည်။ ခေတ်ဟောင်း၊ ခေတ်ဆွေး၏ ဥပဓိရုပ်ကိုပြည်ဖုံးကားချလျက် ခေတ်သစ်၊ ခေတ်ဦး၏ မြို့ပြတည်ဆောက်မှု အနှစ်သာရကိုလှစ်ဟနေသော မြို့များသည် “နည်းပညာ” မြင့်မားမှုဖြင့် ပြည်သူတို့၏ဘဝကို တိုးတက်စေအံ့ဟူသောအယူအဆကို အကောင်အထည်ဖော်ခြင်းအဖြစ် ကျွန်ုပ်အလေးမူမိလေသည်။
ပြည်သူ့ရေးရာ မြို့ပြဝန်ဆောင်မှုလုပ်ငန်းများတွင် နည်းပညာကိုအသုံးပြုခြင်းဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ အဆင့်အတန်းမြင့်မားလာပြီး ပြည်သူတို့မှာ ပန်းဝတ်ရည်ကို ပျားပိတုန်းတို့ စားသုံးရသည့်ပုံပမာ အေးချမ်းလန်းဖြာရှိလာပေလိမ့်မည်။
ရှေးအတီတေက ရှင်ဘုရင်များက သိုက်တဘောင်ဗေဒင်ကိန်းခန်းများနှင့်အညီ မြို့တည်ခြင်း၊ နန်းတည်ခြင်း တို့ ပြုလုပ်ခဲ့ကြပြီးလျှင် “အထဗ္ဗဏမဟာယတြာနည်း” အစရှိသောအစီအရင်များပြုကာ မြို့တည်ခဲ့ကြ၏။ ၂၁ ရာ စုခေတ်သစ်တွင်မူကား နည်းပညာအစီအမံများပြုကာ မြို့တည်လာကြပုံကို ကျွန်ုပ်နှိုင်းယှဉ်ရှုမြင်မိ၏။
အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍကြီးသွက်သွက်လက်လက် တိုးတက်နေပုံကိုဖော်ကျူးလျက် ဘဏ္ဍာရေးမြို့သစ်ကြီးတွင် အလုပ်အကိုင်နေရာပေါင်း ၁၁ သန်းအထိ ဖောဖောသီသီဖန်တီးပေးနိုင်မည်ဟု ကျွန်ုပ်လေ့လာမိသော် ထုကြီးထည်ကြီး ဗြက်ကြီးလှသည့် ဘဏ္ဍာရေးမြို့သစ်ကြီးကို တစ်ထီးတစ်နန်းတွေ့မြင်လာရမည်ဟု ကျွန်ုပ် တင်ကူး နိမိတ်ပုံဖော်မိလေသည်။
အဆင့်မြင့် အခြေခံအဆောက်အအုံနှင့် အထောက်အကူပြု ဌာနန္တရများအား ယင်းမြို့ကြီးကရေခံမြေခံအဖြစ် ထောက်ပံ့ပေးခြင်းဖြင့် ကမ္ဘာနှင့်ချီလှုပ်ရှားနေ သောဘဏ္ဍာရေးကုမ္ပဏီကြီးများကို ဆွဲဆောင်လာနိုင်မည်ဟု မျှော်လင့်ရလေသည်။
၂၀၂၀ ပြည့်နှစ်ထက် နောက်မကျဘဲ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဝါ) ဂျီဒီပီတွင် ဒေါ်လာ ၄၀ဝ ဘီလီယံအထိ ပါဝင်စေမည့် ရည်မှန်းချက်နှင့်အညီ ဘဏ္ဍာရေးမြို့သစ်ကြီးကိုထူထောင်ရပါမည်ဟု ဝန်ကြီးချုပ် မိုဒီ၏ အစိုးရအဖွဲ့ကဆိုသည်။
ဒေသဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှု ဈေးကွက်တွင် ဒေါက်ဒေါက်ကြဲ ပါဝင်နွှဲမည့် မြို့သစ်ကြီးသည် အိန္ဒိယနိုင်ငံအနောက်ပိုင်းရှိ အာမက်ဒါဘတ်မြို့ကြီးနှင့် ဂန္ဒီနားဂါးမြို့ကြီး နှစ်မြို့အကြား အလယ်ဗဟိုတွင် တည်ရှိနေပြီးလျှင်ကမ္ဘာ့နောက်ဆုံးပေါ် ဘဏ္ဍာရေးဝန်ဆောင်မှု မြို့သစ်ကြီးအဖြစ် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သွားလိမ့်မည်။
မတည်ငွေရင်းဈေးကွက်များ၊ ကုန်သွယ်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ဆောင်မှုဈေးကွက်များ၏ ကွန်ရက်ပြု ချိတ်ဆက်မှုကို အိန္ဒိယနိုင်ငံတွင် စီးပွားရေးသွက်သွက်လက်လက် တိုးတက်လာမှုနှင့်အတူ ဒွန်တွဲလျက် တွေ့မြင်ရလိမ့်မည်ဟု စီးပွားရေး စီမံကိန်းရေးဆွဲရေးမှူးများက ဆိုကြသည်။
ထိုစဉ်အတွင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(ဝါ) IMF ၏ ခန့်မှန်းချက်မှာ အားရခမန်းဖြစ်၏။ အိန္ဒိယနိုင်ငံသည် ၂၀၁၉ ခုနှစ် မတ်လတွင် ကုန်ဆုံးမည့် လက်ရှိဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၇ ရာ ခိုင်နှုန်းကျော် ရှိလိမ့်မည်ဟု ယင်းအဖွဲ့အစည်းကြီးက ဟောကိန်းထုတ်ထားလေသည်။
ဤတွင် အရေးကြီးလှသည်မှာ ဘဏ္ဍာရေးမြို့သစ်ကြီးထူထောင်ရန် ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်လာအောင် ကြိုးပမ်းနိုင်ဖို့ လိုအပ်လိမ့်မည်။ ကမ္ဘာ့တစ်ဝန်းတွင် ရည်မှန်းချက်ကြီးကြီးဖြင့် ဖော်ဆောင်ခဲ့သည့်တိုင် မဟာဗျူဟာစီမံကိန်းကြီးများအဖျား ရှူးသွားခဲ့ရသော ဖြစ်စဉ်များကိုလည်း ကျွန်ုပ်တို့ သတိမူသင့်လေသည်။
ဤတွင် ဥဒါဟရုဏ် အချို့ကိုထုတ်ဆောင်လို၏။ စပိန်နိုင်ငံ၌ ကျူဒက်ရီးယဲလ် လေဆိပ်သည် ၂၀ဝ၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် လေးနှစ်အကြာမှာပင်ပြန်လည် ပိတ်သိမ်းခဲ့ရသည့်သာဓက၊ တရုတ်နိုင်ငံ၌ အပြိုင်းအရိုင်းဖြင့် ပေါ်ထွက်လာသော အိမ်ရာခြံမြေစီမံကိန်းကြီးများအောင်မြင်မှုမရဘဲ မိုးမျှော်တိုက် အဆောက်အအုံသစ်များ တိုက်ခန်းအရေအတွက်အရ ထောင်ချီ၊ သောင်းချီ၊ သိန်းချီ၊ သန်းချီပေါ်ထွက်ခဲ့ပြီးခါမှ ငှားမည့်သူမရှိ၊ နေမည့်သူမရှိ၊ ဝယ်မည့်သူမရှိ ဖြစ်ရကာ “သရဲခြောက်နေသော မြို့ကြီးများ” (ဝါ) Ghost City အဖြစ်သို့ ရောက်ရှိရသည့် သာဓကတို့ ဖြစ်၏။
မည်သို့ပင်ဆိုစေ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီအတွက် သူ့ကိုယ်သူယုံကြည်မှု အံ့မခန်း မြင့်မားနေသည့် အချိန်ကာလကို ဖြတ်သန်းလျက်ရှိခြင်းမှာ သတင်းစာမျက်နှာများပေါ်တွင် ထင်ကျန်နေသော ထူးခြားချက်တစ်ချက်ဖြစ်၏။
အကျွန်ုပ်၏ နိုင်ငံတော်ကြီးသည် လျင်မြန်သော နှုန်းဖြင့် တိုးတက်နေပြီးလျှင် ထုကြီးထည်ကြီး စီးပွားရေးဘဝကို တည်ဆောက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည်နောင် ၁၂ နှစ်အကြာ (၂၀၃၀ ပြည့်နှစ်)ထက် နောက်မကျဘဲ ကမ္ဘာပေါ်တွင် ဒုတိယအင်အားအကြီးဆုံးစီးပွား ရေးတည်ရာ နိုင်ငံအဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း ဝန်ကြီးချုပ် မိုဒီက ဖေဖော်ဝါရီ ၁၁ ရက်တွင် ဗျိုးဟစ်ခဲ့လေသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ အပီအပြင် အထင်အရှားဟောကိန်းထုတ်မှုများနှင့်အညီ နိုင်ငံ့စီးပွားရေးတစ်ဟုန်ထိုး တိုးတက်မှုကို ကမ္ဘာသို့ ပြသရန် စိတ်ရည်သန်လျက်ရှိနေသော ဝန်ကြီးချုပ် မိုဒီက ကမ္ဘာပေါ်တွင် ဒုတိယမ္ပိစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံအဖြစ်သို့ အမြန်ဆုံးရောက်ရှိစေရမည်ဆိုသော စီးပွားရေးရည်မှန်းချက်သည် “ဂင်္ဂါဆင်မင်း”နိုးထခြင်းသို့ ရောက်ရှိလာပုံကို ဖော်ကျူးနေဘိအလား အားရဖွယ်ကောင်း၊ အားကျဖွယ်ကောင်းလှသည်ဟုတွေးတောမိရင်း “ဂင်္ဂါဆင်မင်းအားမာန်တင်း ကြုံးဝါးခြင်းသို့ရောက်”ဟု ကျွန်ုပ် ကျူးရင့်မိပါ သတည်း။
ကိုရင်သြ