ညွန့်ဟံ(ကြူတော)
ဝန်ထမ်းအငြိမ်းစားဘဝတွင် အချိန်ပိုကလေး များစွာရှိပေရာ အချိန်ကိုစီမံခန့်ခွဲမှု များစွာမရှိ၊ အရွယ်အသက်အလျောက်ရင့်ကျက်ဖို့ လုံ့လပြုရန် သာ ရှိပေသည်။ သို့ရာတွင် ပုထုဇဉ်တို့ အလျောက် လောကအရေးနှင့်အတွေး၊ အလုပ်နှင့်အကြံ မကင်း နိုင်သေးဘဲ ရှိနေသေးသည်။ သို့ဖြစ်၍ အားလပ်ချိန် များစွာတွင် သုတပညာနှင့် ရသဗေဒ ဝေမျှခံစား နိုင်ခွင့်အတွက် ငယ်ဖော်ငယ်ပေါင်း ရေဒီယို အဟောင်းကလေးနှင့် နေသားတကျ ဖြစ်နေလေပြီ။ တစ်ရက်တွင် နေ့လယ်နေ့ခင်း မြန်မာ့အသံလေလှိုင်း မှ ကျက်သရေဝေဖြာ ခံ့ညားထည်ဝါသည့် ဂီတ တေးသံကို နားဆင်ခွင့်ရလိုက်သည်။ ဂန္ထဝင် အဆိုတော်ကြီး ဒေါ်တင်တင်မြ၏ တေးသံဖြစ်ပြီး နှလုံးသားထဲ၌ စွဲငြိစေခဲ့သော ‘ချောင်းရေယဉ်လျှမ်း ပါလို့၊ လမ်းမသိပါပြီ’ ဆိုသည့်အပိုဒ်ကို ခံစားမိသည်။
ဂန္ထဝင်ချစ်ခြင်းမေတ္တာ
အစ အလယ် အဆုံး ကောင်းမွန်သည့် ကိန္နရာချောင်းခြား ပတ်ပျိုးဖြစ်ပြီး ပြင်စည်မင်းသားတို့ခေတ်က လက်ရာဖြစ်သည်။ တွေးဆမိရာတွင် ဂန္ထဝင်ဂီတ တေးအလှကို လွန်ခဲ့သည့် နှစ် ၂၀၀ ဝန်းကျင်ကရေးဖွဲ့သော ဂန္ထဝင်ဂီတစာဆို၏ လက်ရာနှင့် ပေါင်းစပ်မိကြောင်းတွေ့ရသည်။ ချစ်ခြင်းမေတ္တာ ၏လေးနက်မှုကို ဖွဲ့ဆိုရေးသားရာတွင် ကိန္နရာ ကိန္နရီအချစ်ကို တင်စားပေသည်။ တစ်ညလေး ခွဲခွာ ရခြင်း၊ ချောင်းကလေးခြားရခြင်းအတွက် လွမ်းဆွတ်ကာ နှစ် ၇၀၀ တိုင် ငိုကြွေးရသည်။ မြန်မာတို့ ကျွမ်းဝင်သည့် ဇာတ်လမ်းဖြစ်၏။ ရေးဖွဲ့ဟန်၊ သီဆို ဟန်တို့က ဂန္ထဝင်မြောက်၏။ ယင်းဖြစ်ရပ်မျိုး လူမျိုး တိုင်းတွင် ရှိပါမည်။ နာမည်ကျော် ရိုမီယိုနှင့် ဂျူးလိယက်ဇာတ်လမ်း၊ အောက်ချင်းငှက်တို့၏ သစ္စာရှိမှုတို့က ဂန္ထဝင် ချစ်ခြင်းမေတ္တာဟု ဆိုရန်ရှိပေသည်။
ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိစာအုပ်
သားစဉ်မြေးမြစ် ပြောမဆုံးဖြစ်အောင် သမိုင်းဝင်မော်ကွန်းတင်ရသည့် ဂန္ထဝင်တွင်သည့်အရာများသည် ဒြပ်ရှိရော ဒြပ်မဲ့ပါ ဖြစ်နိုင်သည်။ တင်စား လွန်းမှုတွေ၊ မြှောက်ပင့်လွန်းကာ လိုရာဆွဲမှုတွေလည်းမကင်းဟု ဆိုနိုင်ပေသည်။ ဂန္ထဝင်ဝေါဟာရနှင့် တွဲစပ်အသုံးအနှုန်းများကလည်း ကြွယ်ဝပါ၏။ ဂန္ထဝင်လူသား၊ ဂန္ထဝင်အနုပညာ၊ ဂန္ထဝင်ဂီတ၊ ဂန္ထဝင် စာပေ၊ ဂန္ထဝင်ပန်းချီ၊ ဂန္ထဝင်အတွေးအခေါ်၊ ဂန္ထဝင် အဆောက်အအုံဗိသုကာ၊ ဂန္ထဝင်နေရာဌာန၊ ဂန္ထဝင် မြောက် တီထွင်ဖန်တီးမှုစသည်ဖြင့် သင့်မြတ်ရာရာ သုံးစွဲကြပေသည်။ အားကစားလောကတွင် ထင်ရှားသော ဘောလုံးသမားကြီး ပီလီ၊ မာရာဒိုနာတို့ကား ခေတ်ပေါ်ဂန္ထဝင်လူသားများဖြစ်သကဲ့သို့ အနုပညာရှင် ပီကာဆို၊ မိုက်ကယ်အင်ဂျလိုတို့သည် ကျော်ကြား လွန်းသည့် ဂန္ထဝင်လူသားများဖြစ်သည်။ မြန်မာနိုင်ငံ တွင်လည်း ကျိုးကြောင်းမျှတ ဂန္ထဝင်အလှကို ဖော်ကျူးသည့် ပညာရှင်များစွာရှိပေသည်။ အတိတ် ကို ငဲ့စောင်းကြည့်က သိနိုင်၏။ စာရေးသူတို့ ငယ်စဉ် ကပင် ကျွမ်းဝင်သော ‘ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိ’ စာအုပ်ကား ထင်ရှား၏။ ကမ္ဘာကျော် စာရေးဆရာကြီးများ၏ ဂန္ထဝင်ဝတ္ထုများသည် မြန်မာဘာသာပြန်အဖြစ် ရည်ညွှန်းနည်းမှီစရာ ဖြစ်ရပါ၏။
စာရေးသူ လက်တစ်ကမ်းထားရှိသော စာအုပ် တစ်အုပ်ရှိ၏။ DICTIONARY OF BIOGRAPHY ဖြစ်သည်။ ကမ္ဘာကျော် ဂန္ထဝင်စာတင်လောက်သည့် ပုဂ္ဂိုလ်ကျော်များအားလုံး ပါဝင်သည်။ စာပေမှတ် တမ်းတင်သည်မှ မျက်မှောက်ခေတ်အထိ အကျုံး ဝင်သည်။ သိပ္ပံ၊ ဝိဇ္ဇာပညာရှင်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ငြိမ်းချမ်းရေး၊ စာပေအနုပညာ စသည့် ဘက်စုံပါဝင်သည်။ အမည်နာမအားဖြင့် ကောက်ကာ ငင်ကာ တင်ပြရပါက ဂယ်လီလီယို၊ ရှိတ်စပီးယား၊ မိုပါဆွန်း၊ မဟတ္တမဂန္ဒီ၊ မာသာထရီဇာ၊ လီယိုတော် စတွိုင်း၊ တဂိုး၊ လူရွှန်း၊ ဆွန်ယက်ဆင်၊ နေရူး စသည် ဖြင့် နိုင်ငံစုံမှ ဂန္ထဝင်ထင်ရှားသူများစွာ ပါဝင်၏။ စာပေနှင့်အတွေးအခေါ်အတွက် လက်ရင်းပြုစရာ ကောင်းပေသည်။ ယင်းတို့တွင် မြန်မာနိုင်ငံသားများ လည်း ပါဝင်ပေသည်။ မြန်မာတို့သည် ထင်ရှားသည့် အသုံးချပစ္စည်းများကို တန်ဖိုးထားတတ်သည်။ ဂန္ထဝင်အမှတ်အသား ဖြစ်စေသည်။ ဥပမာအားဖြင့် လူစွမ်း၊ ဓားစွမ်းပြမှု ရဲဝံ့မှုပေါ်မူတည်ကာ သိုဟန်ဘွား ဓား၊ မင်းကြီးရန်နောင်ဓား စသည်ဖြင့် သမိုင်းနှင့် ထပ်တူစွဲမှတ်စေသည့် သီးသန့်ထင်ရှား မြန်မာတို့၏ စကားအနုပညာ၊ စာပေတို့သည် ဂန္ထဝင်မြောက်ခြင်း နှင့်အတူ ထိန်းသိမ်းကြ၊ ဂုဏ်ယူကြရန် အားကျမှုကို တွန်းအားပေးကြသည်။ ခိုင်မာသော ဂန္ထဝင်အဖြစ် သိသာစေသည်။
စာရေးသူတို့ မြန်မာ့လူမှုလောကတွင် စံပြုအပ် သော ဂန္ထဝင်အမှတ်အသားများစွာ ရှိပြီးဖြစ်သည်။ စာပေဂီတအနုပညာအမျိုးမျိုး၊ ထင်ရှားသည့်ပုဂ္ဂိုလ် များ၊ စွမ်းရည်ပြည့်ဝ နှလုံးလှသည့် သူရဲကောင်းများ၊ နိုင်ငံရေးဂန္ထဝင်သုခမိန်များ စသည်ဖြင့် နယ်ပယ် အသီးသီး၌ ပေါ်လွင်ပေသည်။
ပေါ်ပင်နှင့်ဂန္ထဝင်
‘ပေါ်ပင်နှင့်ဂန္ထဝင်’ တွင် ပေါ်ပင်သည် တစ်ခဏ မျှသာ တည်တံ့၏။ ဂန္ထဝင်က အရှည်အကြာရပ်တည် နိုင်သည်။ ‘ကျော်ချင်ရင် ပေါ်ပင်လိုက်’ ဟူသော စကား သည် ခေတ္တခဏမျှသာ အသုံးတွင်ပြီး များမကြာမီ မေ့မေ့ပျောက်ပျောက် ဖြစ်ရလေသည်။ ပေါ်ပင် အလုပ်ကြောင့် ကျော်ကြားမှု၊ ငွေကြေးစသည်ဖြင့် ပြည့်စုံစွာရနိုင်မှုသည် ရေရှည် မဖြစ်နိုင်၊ သိက္ခာရှိ သော ဂန္ထဝင်ပုံရိပ်ကသာလျှင် အကျိုးပြုပေသည်။
ဥပမာသာဓကတစ်ခု တင်ပြချင်ပါ၏။ ပေါ်ပြူလာ ဖြစ်သော တေးဂီတ၏ ဖြစ်တည်အောင်မြင်ကျော်ကြား မှုသည် ရေပွက်ပမာ တစ်ခဏမျှသာ ဖြစ်လေသည်။ လေးနက်သော မဟာဂီတကဲ့သို့ ဂန္ထဝင်စံနှုန်းပုံရိပ် ပြည့်ဝသည့် အရည်အသွေးသည် ကာလကြာရှည် သော်လည်း ခေတ်မတိမ်နိုင်။ မဟာဂီတကို စတင် ပျိုးထောင်ခဲ့သော နှစ် ၂၀၀ ကျော်က ဝန်ကြီးပဒေသ ရာဇာ၊ မြဝတီမင်းကြီးဦးစ၊ ပြင်စည်မင်းသားကြီး၊ ဦးတိုး၊ မမြတ်လေး၊ လှိုင်ထိပ်ခေါင်တင် စသူတို့ကား ယခုတိုင် ထင်ရှားဆဲ။ သူတို့၏လက်ရာနှင့်ထပ်တူ ကျော်ကြားဆဲ ဖြစ်လေသည်။ မှတ်တမ်းမှတ်စုများ ကို ကြည့်ပါက မြဝတီမင်းကြီးဦးစသည် စံချိန်တင် လောက်၏။ မြန်မာ့အာဇာနည် ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုက ဂီတဝိသောဓနီစာအုပ် ပြုစုခဲ့၏။ ကုန်းဘောင်ခေတ်အထိ ဖွဲ့ဆိုသော ‘သီချင်းကြီး သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ ဒိန်းသံ၊ ဩသံ’ စသည့် မဟာဂီတအနွယ်ဝင် ဂန္ထဝင်သီချင်းများ မှတ်တမ်း ပြုရာ၌ အရေအတွက် ၄၅၇ ခု ရှိသည်ဟု တွေ့ရသည်။ ယင်းအနက် မြဝတီမင်းကြီး၏လက်ရာ ၁၁၂ ခုပါဝင် ပေရာ ယနေ့တိုင် ဂန္ထဝင်တွင်စွာဖြင့် ကျော်ကြားခြင်း၊ ထိန်းသိမ်းခြင်းပြုရသည်ကို ချင့်တွက်နိုင်ပေ၏။ ဂန္ထဝင်ဂီတတန်ဖိုးဟုပင် ကင်ပွန်းတပ်ချင်ပေသည်။
ဂန္ထဝင်စာပေကဏ္ဍ
အလေးထားတင်ပြလိုသော အကြောင်းရပ်မှာ မြန်မာစာပေဖွံ့ဖြိုးရေးတွင် အရေးပါသော ဂန္ထဝင် စာပေကဏ္ဍ ဖြစ်သည်။ ဂန္ထဝင်စာပေ၏ လက္ခဏာဖြစ်ပေါ်ထွန်းကားမှုများကို စာပေနှင့် ဆက်နွှယ်သူ များ သိရှိနားလည်ရန် လိုအပ်သည်။ သို့ဖြစ်၍ ပညာ ရှင်ကြီးများက တွေးဆမြော်မြင်လျက် စာပေဗိမာန် က ကြီးမှူး၍ ဂန္ထဝင်စာပေ စာတမ်းဖတ်ပွဲကို ၁၉၉၁ ခုနှစ်က ကျင်းပပေးသည်။ စာတမ်းရှင်များမှာ ပညာရှင်ကြီးများဖြစ်သော မောင်ဆုရှင်၊ ထီလာ စစ်သူ၊ တင်ထွေး၊ မင်းကျော်၊ ကျော်အောင်၊ မောင်ခင်မင်(ဓနုဖြူ) တို့ဖြစ်သည်။ စာတမ်းအမည် အရည်များမှာ ဂန္ထဝင်စာပေစာတမ်းဟူသည်၊ မြန်မာ ဂန္ထဝင် ကဗျာစာတမ်း၊ မြန်မာဘာသာပြန် ဂန္ထဝင် စာပေစာတမ်း၊ နိုင်ငံတကာ ဂန္ထဝင်စာပေစာတမ်းတို့ ဖြစ်သည်။ စူးစမ်းသုတေသနပြု မှတ်တမ်းများဖြစ် ပြီး လေးစားဖွယ်ဖြစ်လေသည်။ ခေတ်အဆက်ဆက် လေ့လာရန် ကောင်း၏။ ဂန္ထဝင်စာပေ၏ စံနှုန်းကို တွေ့ရသည်။ ထိုစဉ်က ပညာရှင်များစုစည်း အနှစ် သာရထုတ် မှတ်ကျောက်တင်သည့် အချက်များကို တွေ့ရသည်။ ဂန္ထဝင်စာပေ၏ လက္ခဏာနှုန်းစံများကို ဖော်ပြပါအတိုင်း တွေ့ရပေသည်။
ဂန္ထဝင်မြောက်သောစာပေ
ဂန္ထဝင်စာပေဟူသည်မှာ အောက်ပါအဓိပ္ပာယ်၊ အရိပ်အဆင်နှင့် သဘောသဘာဝတို့ကို ဆောင်သည် ဟုကောက်ယူလိုပါသည်။ ယင်းတို့မှာ ဂန္ထဝင်မြောက် သော စာပေသည်-
(၁) ရှေးကျသော အရေးအသားဖြစ်သည်။
(၂) ခိုင်မာအသားကျ စံထားလောက်သော အရေး အသားလက်ရာဖြစ်သည်။
(၃) စကားပြေ လင်္ကာ နှစ်မျိုး အကျုံးဝင်သည်။
(၄) စာပေရသပေါ်လွင်သော အရေးအသားဖြစ်သည်။
(၅) လူရေးလူမှုနှင့် အသိအလိမ္မာဉာဏ်ပညာကို စေ့ဆော်ပွားများစေသော သဘောရှိသည်။
(၆) လူ့စရိုက်သဘာဝကို ပေါ်လွင်အောင် ဖွဲ့ဆို ထားသော လက်ရာဖြစ်သည်။
(၇) အချိန်ကာလတစ်ခုခုနှင့်ယှဉ်၍ တည်တံ့ခိုင်ခံ့ သော စာပေလက်ရာဖြစ်သည်။
(၈) အတွေ့အကြုံ၊ အတွေးအခေါ်တို့ဖြင့် ရင်းနှီး ဆည်းပူး၍ ရေးသားထားသော စာပေဖြစ်သည်။
(၉) လောကတွင် အခါခပ်သိမ်း မှန်ကန်တတ်သော အချက်များ ပါဝင်နေတတ်သည်။
(၁၀) ဂန္ထဝင်စာပေ၌ ကျဉ်းမြောင်းသောနယ်နိမိတ် ဘောင်မရှိ၊ တစ်စုံတစ်ရာသော အခွင့်အာဏာဖြင့် ဆုံးဖြတ်သတ်မှတ်ရခြင်းမရှိ။ အချိန်ကာလရင့်ညောင်းသည့်တိုင် အလိုအလျောက် ဖတ်ရှုလက်ခံ လေ့လာကြရသော စာပေမျိုးတွင် အကျုံးဝင်သည်။
(၁၁) တစ်ခါတစ်ရံ တစ်ခုကောင်း အရည်အသွေး ကိုအစွဲပြု၍ ပြောစမှတ်ပြုရသော လက်ရာဖြစ်သည်။
ဂန္ထဝင်စာပေဟူသည်
မျက်မှောက်ခေတ်ကာလ စာပေနယ်ပယ်တွင် ဂန္ထဝင်စာပေဖွံ့ဖြိုးရေးကို အလိုရှိကြသည်ချည်း ဖြစ်၏။ ဆယ်စုနှစ် နှစ်ခုကျော်က စာတမ်းရှင်များ အနက် တစ်ဦးသာ သက်ရှိထင်ရှားဖြစ်နေသေးသည်။ ဂန္ထဝင် စာပေများ ဖွံ့ဖြိုးရေး၊ ဖန်တီးပြုစုရေးတာဝန် များ လက်ဆင့်ကမ်းရန်လည်း ဖြစ်ပါ၏။ သို့ဖြစ်၍ ထိုစဉ်က အမြင်အတွေးများကို ခံစားသိမှတ် ပါက သင့်မြတ်မည်ဟု ယူဆပါသည်။ သို့ဖြစ်၍ ဆရာ မောင်ဆုရှင်၏ ဂန္ထဝင်စာပေဟူသည် စာတမ်း ၏ အနှစ်ချုပ်ကို အနားသတ်လှစ်ဟ ပြလိုပေသည်။
မြန်မာစာပေ၌ ဂန္ထဝင်မြောက်သည်ဟူသော အသုံးအနှုန်းရှိပါသည်။ သို့သော် ဂန္ထဝင်မြောက်ခြင်း ကို တိုင်းတာဆွေးနွေးကြသော အကိုးအထောက် ‘ပေတံ’ သဘောမရှိတတ်သေးဟု ထင်မြင်ပါသည်။ တွင်တွင်ကျယ်ကျယ် ရှိလာသောအခါ၌လည်း ဂန္ထဝင်မြောက်ခြင်း၊ မမြောက်ခြင်းတို့ကို ပညာ သဘောအရ ကျွမ်းကျင်သူတို့ ဝေဖန်ဆွေးနွေးမှု ပြုသင့်ပါသည်။ သို့မှသာ စာပေတိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်စရာရှိပါသည်။
ဂန္ထဝင်ဖြစ်အပ်သော သဘော
ဂန္ထဝင်ဖြစ်အပ်သော သဘောတို့မှာ ဤစာတမ်းတွင် ဆိုခဲ့သည့်အတိုင်း ကျယ်ဝန်းများပြားပါသည်။ တစ်ခါတစ်ရံ ဂန္ထဝင်မြောက်ခြင်းကိစ္စမှာ စာပေအဖွဲ့ အနွဲ့ကောင်းခြင်းနှင့် တိုက်ရိုက် စပ်ဆိုင်ချင်မှ စပ်ဆိုင်သည်လည်း ရှိနိုင်ပါသည်။ စာပေလက်ရာ တစ်ခုသည် အချိန်၏ အဆုံးအဖြတ်ဟူသော မှတ်ကျောက်ကိုလည်း ခံရပါသည်။
လောကတွင် အကောင်းဆုံး၊ အတော်ဆုံး၊ အပြောင်မြောက်ဆုံး၊ အထင်ရှားဆုံး၊ အပြည့်စုံဆုံး ဟူသော အသုံးအနှုန်းများကို သုံးနှုန်းလေ့ရှိကြပါသည်။ ဂန္ထဝင်စာပေဟူ၍ ကြံဆသတ်မှတ်ရာတွင် ထိုအသုံးအနှုန်း၊ ထိုခံယူချက်မျိုး ပါရှိနိုင်ပါသည်။ ထိုသို့သုံးနှုန်းရာတွင် နှစ်သက်မှုဖြင့် ပြောဆိုသည်။ ကြည်ညိုမှုဖြင့် အလေးထားသည်။ ခံစားမှုဖြင့် ပြောဆိုသည်တို့ ရှိနိုင်ပါသည်။ နေရာဌာန၊ ကာလ ဒေသကိုလိုက်၍လည်း ဖြစ်နိုင်ပါသည်။ ပုဂ္ဂိုလ်ကို လိုက်၍လည်း ဆိုတတ်ကြသည်။ ထိုအဆိုတို့လည်း ဓမ္မဓိဋ္ဌာန်ကျသည်ဟု ဆိုနိုင်သောအခါရှိသလို ပုဂ္ဂလ ဓိဋ္ဌာန်သဘောပါသည်ဟု ဆိုနိုင်သော အခါလည်းရှိပါသည်။ အချိန်ကာလကြာသောအခါ ထိုသဘောတို့၏ အစုအပေါင်းတွင် များရာစုက ပေါ်လွင်လာတတ်ပါသည်။ ယင်းသို့ ပေါ်လွင်လာခြင်းမှာ များရာစု၏ အဆုံးအဖြတ်ပင်ဖြစ်ပါသည်။ ဂန္ထဝင်စာပေမြောက် ခြင်း၊ မမြောက်ခြင်းကိုလည်း ထိုနည်းအတိုင်းပင် လက်ခံကြရပါသည်။
ဂန္ထဝင်အရိပ်အဆင့်
ဤစာတမ်း၌ ဂန္ထဝင်စာပေဟူသော နက်ရှိုင်း ထွေပြားသည့် အကြောင်းရပ်ကို ကြိုးစား၍ အဓိပ္ပာယ်ဖွင့်နိုင်ရန် လက်လှမ်းမီသမျှ၊ အခါအခွင့် ရသမျှ ကြိုးစားကြည့်ထားပါသည်။ သိသာထင်ရှား သော သာဓကအချို့ကို ထုတ်နုတ်၍ ပြနိုင်ရန် အားထုတ်ကြည့်ခဲ့ပါသည်။ ပြည့်စုံလိမ့်မည်ကား မဟုတ်ပါ။ ကွဲလွဲသော၊ ချွတ်ယွင်းသော အကောက် အယူ၊ အရိပ်အဆင်များလည်း ပါနိုင်ပါသည်။ ထိုသို့ပါဝင်ခဲ့သော် မေတ္တာရှေ့ထား၍ တည့်မတ်ပေးကြ ပါရန် အနူးအညွတ် မေတ္တာရပ်ခံရပါသည်။
ဂန္ထဝင်စာပေအကြောင်းရပ်သည် စာပေအနု ပညာနှင့် စပ်ဆိုင်သောအကြောင်းရပ်ဖြစ်၍ အနုပညာ လုပ်ငန်းတို့၏ သဘောအရဖွင့်ဆိုမှု၊ ခံစားမှု လက်သင့်ခံမှုတို့၌ ကွဲပြားစရာအကြောင်းများရှိနိုင် ပါသည်။ ထိုသို့ရှိခြင်းကပင်လျှင် အနုပညာ၏ စရိုက်သဘောကို ဖော်ပြနေပါတော့သည်။ ဘက်စုံဂန္ထဝင် အခင်းအကျင်းကား ပေါ်ပင်နောက်သို့ ချည်းမလိုက် ဘဲ ရှင်သန်ရန် မြန်မာ့လူမှုအဖွဲ့အစည်းအတွက် ထင်ရှားစွာ ပြဆိုလျက်ရှိပေသည်။ ။