ရန်ကုန် ၁ ဖေဖော်ဝါရီ
မြန်မာ့ဂန္ထဝင်ဂီတ၏ ဆရာတစ်ဆူ ဖြစ်သော တေးသံရှင် စည်သူဘွဲ့ရ ဦးမင်းနောင်သည် ယနေ့ညနေ ၅နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရှိရသည်။
“ဂီတလောက အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ကြယ်တစ်ပွင့် ကြွလွေင့်သွားရတာ ဖြစ်ပါတယ်။ ဆရာဟာ မြန်မာ့ဂန္ထဝင်ဂီတအတွက်တော့ အတော်လေး တန်ဖိုးကြီးပါတယ်။ ဆရာ့အတွက် ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးသွားဖို့ရှိပါတယ်” ဟု တေးသံရှင် ပိုးအိဖြူက ပြောကြားသည်။
ဂျင်မလေးဂျမ်း၊ ဇရာ၊ သက်ဝေ၊ ခရီးသွားရင်းသီချင်းဆိုမယ်၊ လုလင် ငယ်သွေး စသည့် နာမည်ကျော်ကြား သည့် သီချင်းပေါင်းများစွာ၊ ဓာတ်ပြား ခွေပေါင်းများစွာ၊ ဇာတ်ဝင်တေးပေါင်း များစွာနှင့် အသံဇာတ်လမ်းပေါင်း များစွာကို သီဆိုခဲ့သူတစ်ဦးလည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက သူ၏ ၈၈ နှစ်ပြည့်မွေးနေ့ကို မိသားစု များ၊ နာမည်ကျော် တေးသံရှင်များ၊ တပည့်များတို့နှင့် ဖြတ်သန်းခဲ့သေး သည်။ ယခုကွယ်လွန်ချိန်ဝယ် အသက် ၈၉နှစ်ပြည့်ရန်အတွက် နှစ်ရက်သာလို တော့သည်။
“ဖေဖေ့ကျန်းမာရေး အားနည်း နေစဉ်မှာ အကူအညီတွေ၊ အားပေးမှု တွေပေးတဲ့ အနုပညာမောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖေဖေ့နောက်ဆုံးခရီးကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပို့ဆောင်မှာပါ။ အသေးစိတ်ကိုတော့ စီစဉ်နေဆဲပါ” ဟု စည်သူ ဦးမင်းနောင်၏ သမီးဖြစ်သူ မကလျာဦးက ပြောသည်။
စည်သူ ဦးမင်းနောင်သည် ဂန္ထဝင်တေးသံရှင် ဒေါ်ရီလေးနှင့် ဂီတ လောကအတွင်း အတူတကွဖြတ်သန်း ရင်း ၂၀၁၈ ခုနှစ်အတွင်းမှာပင် တေးသီချင်းများကို သီဆိုဖျော်ဖြေ ပေးနေခဲ့သူဖြစ်သည်။ ကွယ်လွန်ချိန် တွင် သားသမီးသုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ရှီလာ