နေပြည်တော် ၁၈ ဒီဇင်ဘာ

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျင်းပသည့် Government Personnel Management System (GPMS) စနစ်နှင့် Electronic Document Management System (EDMS) စနစ် အသုံးပြုနည်း မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီက နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က Government Personnel Management System (GPMS) သည် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ဝန်ထမ်းရေးရာနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဗဟိုရုံးများနှင့် IT နည်းပညာကို အသုံးပြုပြီး ထိရောက်လျင်မြန်စွာ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းစနစ်တွင် ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်း၊ ရာထူးခန့်အပ်မှုနှင့် တာဝန်ထမ်းဆောင်မှုသမိုင်း၊ ခွင့်မှတ်တမ်းနှင့် သင်တန်းဆိုင်ရာ အချက်အလက်များ၊ ဝန်ထမ်းအကဲဖြတ်မှတ်တမ်း၊ ဝန်ထမ်းအင်အားနှင့် ဌာနဖွဲ့စည်းပုံအစရှိသည့် အချက်အလက်များကို သက်ဆိုင်ရာ Server အသီးသီးတွင်လုံခြုံစွာ သိမ်းဆည်းထားပြီး မိမိတို့လိုအပ်သည့် အခြေအနေနှင့်ကိုက်ညီမည့် အချက်အလက်၊ စာရင်းဇယား၊ အစီရင်ခံစာများကို လွယ်ကူလျင်မြန်၊ မှန်ကန်တိကျစွာ ရှာဖွေထုတ်ယူနိုင်သော စနစ်တစ်ခုဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ အသုံးပြုခြင်းအားဖြင့် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုများကို တိကျလျင်မြန် အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ ကိုယ်ရေးမှတ်တမ်း အချက်အလက်များကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ခြင်း၊ လိုအပ်ချက်နှင့်အညီ သင့်လျော်သော ဝန်ထမ်းများအား တာဝန်ပေးအပ်နိုင်ခြင်း၊ ဝန်ထမ်းရေးရာ စီမံခန့်မဲ့မှုများ ဆုံးဖြတ်ချက်ချရာတွင် အထောက်အပံ့ပေးနိုင်ခြင်း၊ ဝန်ထမ်းရေးရာ အချက်အလက်များ သိမ်းဆည်းရာတွင် လုံခြုံမှုရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း။

 

e-Government စနစ် အလျင်အမြန်တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေရာတွင် အဓိကကျသောကျွမ်းကျင်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ လုပ်ဆောင်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင် အစိုးရဌာနအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြမှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

သင်တန်းအား ဒီဇင်ဘာ ၂၄ ရက်ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးရုံး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတို့မှ GPMS နှင့် EDMS လုပ်ငန်းများတွင် Admin နှင့် User များအဖြစ် တာဝန်ယူကြမည့် ဝန်ထမ်းများအား GPMS နှင့် EDMS အသုံးပြုပုံအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ကျွမ်းကျင်သူများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်